မုန်လိုင်ခက်စစ်ရှောင်ခန်း ပေါက်ကွဲမှုသည် စစ်ကောင်စီလက်ချက်ဖြစ်ပြီး ထူးခြားသည့် လက်နက်အမျိုးအစားဖြစ်ကာ အတိအကျမပြောနိုင်သေးဟု ဗိုလ်မှူးကြီးနော်ဘူပြော

132
ဓါတ်ပုံ - မုန်လိုင်ခက် စစ်ရှောင်စခန်းပစ်ခတ်ခံရပြီးနောက် တွေ့မြင်ရသည့် မြင်ကွင်း။ Photo Credit- Awng Ja

 

အောက်တိုဘာ၊၁၂

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) လိုင်ဇာဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ဟာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ဖြစ်ပြီး ပစ်ခတ်လိုက်တဲ့ လက်နက်အမျိုးအစားဟာ ထူးခြားတဲ့အတွက် လက်နက်အမျိုးအစားနဲ့ ပတ်သက်ပြီး အတိအကျ မပြောနိုင်သေးဘဲ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အထက်ပါ လက်နက်ကြီးဟာ အင်အားအလွန်ပြင်းတဲ့အတွက် Cruise(ခရုဇ်)လိုမျိုး လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ ဖြစ်နိုင်သလို ဒရုန်းနဲ့ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ကနေဦး ခန့်မှန်းထားချက်ကို ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“စစ်တပ်ဘက်က ပစ်လိုက်တာ ဟုတ်တယ်။လက်နက်အမျိုးအစားနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လက်နက်အမျိုးအစားဖြစ်တယ်ဆိုတာ ပြောဖို့ အရမ်းခက်သွားတယ်။ ထူးခြားတဲ့အမျိုးအစား အင်အားအလွန်ကြီးတဲ့ လက်နက်အမျိုးအစား ကိုင်တယ်လို့ ခန့်မှန်းထားတာပေါ့။ လေယာဉ်နဲ့တော့ မဟုတ်လောက်ဘူး။ ထူးခြားတဲ့ ဒရုန်းနဲ့ ပစ်တာလား။ ခရုဇ်နဲ့ ပစ်တာလား။ နည်းလမ်းတစ်မျိုးမျိုးနဲ့ ပစ်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းတွင်း အထက်ပါပြင်းအားကြီး ဗုံးကျရောက်မပေါက်ကွဲမီ အချိန်နဲ့ ပေါက်ကွဲပြီးနောက်ပိုင်းမှာ ဘွမ်ရေးဘွမ်၊ ခရာဘွမ် စစ်ကောင်စီတပ်စခန်းတွေကနေ ၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်နေတဲ့အတွက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ဖြစ်တယ်ဆိုတာ အတိအကျပြောနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက် ပြောပါတယ်။

“မုန်လိုင်ခက်မှာ ကျတဲ့ဗုံးက ဘာအမျိုးအစားလည်းဆိုတာ နာမည်နဲ့တော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က ပစ်တယ်ဆိုတာကိုတော့ အတိအကျ ပြောနိုင်တယ်။ သူတို့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတဲ့ အချိန်ဟုတ်တယ်။ အဲဒီ လက်နက်ကြီးမကျရောက်ခင် ရှေ့မှာရော၊ ကျပြီးနောက်‌ရော ဆက်တိုက်ပစ်နေတော့ အတိအကျသိရတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းအတွင်း အခုလို ဖြစ်ပျက်သွားမှုနဲ့ ပတ်သက်ပြီးအရင်က လိုင်ဇာအနီးမှာ KIAရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့ဖူးတာကို သတင်းဖုန်းကွယ်ပြီး လုပ်ခဲ့ဖူးတာမျိုး ရှိခဲ့တဲ့အပြင် အခုအခါမှာလည်း ဒရော့ဗုံးတွေ သိုလှောင်တဲ့ နေရာပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုနေတဲ့အပေါ် မဟုတ်မမှန်ကန်ကြောင်းနဲ့ အဲဒီနေရာဟာ စစ်ရှောင်စခန်းသာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက တုန့်ပြန်ပြောဆိုပါတယ်။

အထက်ပါ စစ်ရှောင်စခန်းမှာ KIA အနေနဲ့ လက်နက်သိုလှောင်ရုံ ထားရှိထားတယ်ဆိုတာ လုံးဝ မဟုတ်ကြောင်းနဲ့ အထက်ပါ ပြင်းအားကြီး ပေါက်ကွဲမှုဟာ စစ်ကောင်စီတပ် လက်ချက်သာ ဖြစ်တယ်လို့ လိုင်ဇာဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

ဘာလက်နက်မှ သိုလှောင်ထားတဲ့ နေရာမဟုတ်ဘူး။ ဘာစက်ရုံမှ မရှိဘူး။ စစ်ရှောင်တွေအတွက် သတ်မှတ်ပေးထားတဲ့ နေရာပဲ ဟုတ်တယ်။ ကားဝပ်ရှော့ကလွဲရင် ဘာမှမရှိဘူး။ ကွင်းပြင်လို နေရာပဲဟုတ်တယ်။ တစ်ခါတလေ အဲဒီအနားမှာ ကားအကြီးတွေ လာရပ်ထားတာတွေ ရှိတယ်။ ပြီးတော့ ပေါက်ကွဲတာလည်း တစ်ခါပဲလေ။ စစ်ကောင်စီတပ်ရဲ့ လက်ချက်ပဲ ဟုတ်တယ်”လို့ အထက်ပါလိုင်ဇာဒေသခံက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် လိုင်ဇာဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း အဲဒီနေရာမှာ လက်နက်ခဲယမ်းသိုလှောင်ရုံ မရှိကြောင်းနဲ့ အခုကျရောက်ပေါက်ကွဲခဲ့တဲ့ ဗုံးဟာပြင်းအားအလွန်ကြီးတယ်လို့ ဆိုပါတယ်။

” ဗုံးအားဘယ်လောက် ကြီး/မကြီးကတော့ အကျယ်ဘက်က မီတာ ၅၀၀၊ ချိုင့်သွားတာက ပေ ၃၀ လောက်ရှိသွားတယ်။ တချို့အိမ်ဆို ထိတောင် မထိဘူး။ မြေကြီးတုန်လို့ ပြိုသွားတဲ့ဟာတွေလည်း အများကြီးပဲ။ ဗုံးလာကျတဲ့အနားမှာရှိတဲ့ တောင်က ဝါးတောဟုတ်တယ်။ အခုက ခုတ်လိုက်သလိုပဲ ပုရွက်ဆိတ်သွားတာတောင် တွေ့ရပြီ။ ပြောင်သွားတာပဲ”လို့ ပြောပါတယ်။

လက်ရှိ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်အမျိုးအစားနဲ့ ပတ်သက်ပြီး အတိအကျကို KIA စုံစမ်းရေးအဖွဲ့ကနေ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မုန်လိုင်ခက်စစ်ရှောင်စခန်းအတွင်း အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်လောက်က လက်နက်ကြီး တစ်လုံး ရုတ်တရက် ကျရောက်ပေါက်ကွဲခဲ့တဲ့တွက် ပြည်သူ ၂၉ ဦး အသက်ဆုံးရှုံးသွားရပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။

သေဆုံးသွားသူတွေအထဲ အသက် ၁၆ နှစ်အောက်အရွယ် ကလေး ၁၁ ဦးပါဝင်ပြီး အဲဒီအထဲမှာ အသက်အငယ်ဆုံး လသားအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကို လိုင်ဇာဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး တချို့ ဆေးရုံဆင်းသွားသူတွေ ရှိနေပြီဖြစ်ပြီးတော့ ဒဏ်ရာရရှိသူ ၁၀ ဦးလောက်ကတော့ ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့လည်း သိရပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေကို နေရာသစ်ပြန်လည်ရှာဖွေ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး လက်ရှိမှာတော့ လိုင်ဇာမြို့တွင်းက ဆွေမျိုးတွေနေအိမ်မှာ ခိုလှုံနေကြသူတွေ ရှိသလို ဝေကြိုင်စစ်ရှောင်စခန်းနဲ့ ဘုရားကျောင်းဝင်းတွေမှာ ခိုလှုံနေကြသူတွေလည်း ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းအနီးဝန်းကျင်မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်မှု မကြာမခဏ ရှိခဲ့ဖူးပြီး စခန်းအနီး လက်နက်ကြီး ကျရောက်မှုကြောင့် ကြောင့်လန့်ပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးလည်း သေဆုံးတဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းဟာ၂၀၁၁ ခုနှစ်က လိုင်ဇာ၊ ဝေကြိုင်ဘက် စစ်ရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေကို ပြန်လည်နေရာချထားရေး လုပ်ဆောင်ပေးထားတဲ့ နေရာဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here