ဒီဇင်ဘာ၊၂၉
စစ်ကော်မရှင်ကနေ ရွေးကောက်ပွဲမပြုလုပ်ဘူးလို့ ကြေညာထားတဲ့ အင်ဂျန်းယန်မြို့နယ်အတွင်းက တန်ဘောင်ယန်ရွာဘက် မနေ့ကညပိုင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိတဲ့အပြင် နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရှိရပါတယ်။
မနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီကျော် အချိန်လောက်မှာ ဂျက်ဖိုက်တာတစ်စင်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူအချို့ မီးလှုံနေတဲ့နေရာအနီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၄ ဦး ထိခိုက်သွားတဲ့အပြင် နေအိမ်နှစ်လုံးပါ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“သေဆုံးသူတော့ မရှိဘူး။ ယောကျာ်လေး သုံးယောက်နဲ့ မိန်းကလေးတစ်ယောက် ထိခိုက်တယ်။ မနေ့က မီးလှုံနေတဲ့အချိန် ကျတယ်လို့ ပြောတယ်။“လို့ ဆိုပါတယ်။
အထက်ပါ နေရာဟာ အင်ဂျန်းယန်မြို့နယ်၊ မြစ်ဆုံကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး အနီးအနား ရွှေမှော်လည်းရှိတယ်လို့ ထပ်မံ သိရှိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တန်ဖရဲ စစ်ကော်မရှင်တပ်ကနေလည်း လက်နက်ကြီး လေးကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အင်ဂျန်းယန်မြို့နယ်ဟာ လက်ရှိအချိန်မှာတော့ ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းမှာ မပါဝင်တဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်ဟာ ကချင်ပြည်နယ်ထဲက KIA သိမ်းပိုက်ထားတဲ့ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန် မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ကြေညာထားတာပါ။







