ဒွမ်ဘန်ကျေးရွာအတွင်းက ဆောက်လုပ်ပြီးစီးထားတဲ့ ကွန်ကရစ်တံတားအတို(Box Culvert) အားလုံး တစ်နှစ်ဝန်းကျင်အကြာမှာပဲ ပျက်စီးလာ

206

 

ဒီဇင်ဘာ၊၇

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းလီဒိုလမ်းပေါ်မှာရှိတဲ့ ဒွမ်ဘန်ကျေးရွာအတွင်းက ဆောက်လုပ်ပြီးစီးထားတဲ့ ကွန်ကရစ်တံတားအတို(Box Culvert)အားလုံး တစ်နှစ်ဝန်းကျင်အကြာမှာပဲ ပျက်စီးလာတဲ့အတွက် သက်ဆိုင်ရာကနေ အရည်အသွေးပြည့်မီအောင် ပြန်လည်ပြုလုပ်ပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒွမ်ဘန်ကျေးရွာအတွင်း ကွန်ကရစ်တံတားအတို(Box Culvert) ၃ ခုလောက်ရှိပြီး ၂၀၂၂ခုနှစ် ဧပြီလအတွင်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပျက်စီးလာတဲ့နောက် ပြုပြင်မွမ်းမံမှုတွေ ပြန်လည်ပြုလုပ်ပေးတာရှိပေမဲ့ ပျက်စီးနေဆဲ ဖြစ်တယ်လို့ ဒွမ်ဘန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လမ်းတံတားအသေးတွေ ပြိုလာတာ။ ခုပြန်ပျက်နေပြီ။ ဘိလပ်မြေကမထည့်ဘဲ မြေကြီးပဲဖို့ထားတာဆိုတော့”လို့ ဒေသခံက ဆိုပါတယ်။

ဒွမ်ဘန်ကျေးရွာအတွင်းက လမ်းတံတားတစ်နေရာမှာ နိုဝင်ဘာလအတွင်းကလည်း လမ်းတံတားပျက်နေတဲ့နေရာကို ရှောင်ရင်း ဆိုင်ကယ်နဲ့ကား ယာဉ်မတော်တဆမှုဖြစ်ပြီး လူသုံးဦး ဆေးရုံတက်ရတဲ့အထိ ဖြစ်ခဲ့ပေမဲ့ အသက်အန္တရာယ်စိုးရိမ်မှုတော့ မရှိခဲ့ဘူးလို့လည်း အထက်ပါဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အထက်ပါ လမ်းတံတားသာမက ဟူးကောင်းချိုင့်ဝှမ်း ကွန်ကရစ်လီဒိုကားလမ်းမဟာလည်း အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

၂၀၁၉-၂၀ခုနှစ်အတွင်း လဝါးနဲ့ ခွမ်စိုင်ယန်ကျေးရွာ ကွန်ကရစ်လမ်းကိုပြုလုပ်ပြီးစီးပြီးနောက် ၂၀၂၀-၂၂ ခုနှစ်အတွင်းမှာတော့ ဒွမ်ဘန်ကျေးရွာအထိ ပြုလုပ်ပြီးစီးပြီး လက်ရှိ ဒွမ်ဘန်ကျေးရွာကနေ ၇ ဖာလုံအထိ ပြုလုပ်ပြီးစီးထားပြီလို့လည်း သိရပါတယ်။

ပြည်သူတွေ သွားရေး၊ လာရေး အဆင်ပြေစေဖို့နဲ့ ယာဉ်တိုက်မှု‌ ထပ်မံမဖြစ်အောင် အရည်အသွေးပြည့်မီတဲ့ လမ်းတံတားတွေ ပြုလုပ်ပေးဖို့ကိုလည်း ဒေသခံတွေ တောင်းဆိုနေကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here