ရှမ်းမြောက်မှာ မြို့ ၁၃ မြို့အသိမ်းခံထားရပေမဲ့ စစ်ကောင်စီ အပိုးမကျိုးသေးဟု ညီနောင် ၃ ဖွဲ့ပြော

218
ဓါတ်ပုံ- ကွမ်းလုံဒေသကို ညီနောင်သုံးဖွဲ့ သိမ်းပိုက်ခဲ့စဉ်။ Credit- The Kokang

 

ဇန်နဝါရီ၊ ၁၉

စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေး ၈၄ ရက်နေ့မြောက် ရောက်လာတဲ့အထိ အပိုးမကျိုးသေးဘဲ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်အရေးတွေမှာ ရှုံးနိမ့်နေတဲ့အတွက် အရပ်သားပြည်သူတွေကို အရင်ရက်တွေကအတိုင်း လေကြောင်းကနေ တိုက်ခိုက်နေတာလို့ ညီနောင် ၃ ဖွဲ့က ဇန်နဝါရီလ ၁၈ ရက်နေ့အတွက် ဒီနေ့မနက်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ “ဟိုင်ဂင် သဘောတူညီမှု” ကို စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြား သဘောတူခဲ့ကြပါတယ်။

ညီနောင် ၃ ဖွဲ့ဟာ သဘောတူညီမှုအတိုင်း လိုက်နာနေပေမဲ့ စစ်ကောင်စီကတော့ ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်တာနဲ့ ထိုးစစ်ဆင်တာတချို့ ပြုလုပ်နေတယ်လို့လည်း ညီနောင်အဖွဲ့တွေက ဆိုပါတယ်။

တကယ်လို့ အဲဒီသဘောတူညီချက်ကို ညီနောင် ၃ ဖွဲ့ကမလိုက်နာဘဲ သတ်မှတ်ထားတဲ့အတိုင်း စစ်ဆင်ရေးဖော်ဆောင်မယ်ဆိုရင် (???) လို မြို့ကြီးတွေကိုလည်း သိမ်းပိုက်နိုင်မှာဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က မြို့နာမည်ကို ထည့်မရေးဘဲ ထုတ်ပြန်ထားတာပါ။

မြို့ကြီးတွေလို့ ပြောတဲ့အတွက် နောက်ထပ် မြို့ကြီး ၁ မြို့ထက်မနည်းကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ဖို့ရည်ရွယ်ခဲ့တဲ့ အကြောင်းကိုလည်း ပြည်သူတွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

အခုအချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကုန်သွယ်ရေးအတွက်အရေးကြီးပြီး ၁၀၂၇ စစ်ဆင်ရေးပြင်းထန်တဲ့ ဒေသအနီးက ညီနောင် ၃ ဖွဲ့ အပြည့်အဝထိန်းချုပ်ဖို့ ကျန်နေတဲ့ မြို့တွေကတော့ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်က မူဆယ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့တို့ ဖြစ်ပါတယ်။

“ဟိုင်ဂင် သဘောတူညီမှု”ကတော့ မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တစ်ပတ်ပြည့်ခဲ့တာဖြစ်ပြီး အဲဒီနေ့နဲ့ တိုက်တိုင်ဆိုင်ဆိုင်ပဲ ညီနောင် ၃ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးဟာ ဆက်ရွေ့လျားနေပြီး ပြည်သူတစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်အတွက် ပုံမှန်အလုပ်လုပ်နေတယ်လို့ လူထုကိုအသိပေးထားပါတယ်။

၈၄ ရက်မြောက် ဖြစ်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်သား ၃,၀၀၀ လောက်ဟာ လက်နက်ချအညံ့ခံခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်ထောင်ချီကိုလည်း တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီစစ်ဆင်ရေးအတွင်းမှာလည်း ရှမ်းပြည်နောက်မြောက်ပိုင်းက မြို့ပေါင်း ၁၃ မြို့ကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here