မတ်၊၁၁
ကချင်ပြည်နယ်၊ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ပိတ်မိနေတဲ့ အောင်မြေ ၂ ကျေးရွာ ဒေသခံပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ မတ်လ ၁၀ ရက်နေ့ကတည်းက စာတင်ထားပေမဲ့ လက်ရှိအချိန်အထိ အဖြေပေး အကြောင်းကြားလာတာ မရှိသေးဘူးလို့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေဟာ အစားအသောက် ခက်ခဲတာတွေ၊ ဖျားနာတာတွေ များလာတဲ့အတွက် ထွက်ခွင့်ပြုဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနဆီ စာတင်ထားပေမဲ့ ပြန်လည်အကြောင်းကြားလာတာ မရှိသေးဘူးလို့ PCG အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အခု စီစဉ်နေတယ်။ တိုင်းဘက် ခွင့်တောင်းထားတယ်။ သွားလို့ရ/မရ အဖြေမပေးသေးတော့ စောင့်နေတယ်။ KIA ဘက်တော့ ပြည်သူတွေ ထွက်မယ်ဆိုရင် သူတို့ဘက်က ဘာမှမပြောဘူး။ ခွင့်ပြုတယ်။ ရှေ့တန်းမှာ နှစ်ဖက် စစ်ကြောင်းတွေ ရှိနေတယ်။ ပြည်သူတွေ အရမ်းဒုက္ခရောက်နေတယ်။ ဖျားနာသူတွေလည်း များ၊ အစားအသောက်လည်း ခက်တယ်ဆိုပြီး မနေ့ကတည်းက တောင်းဆိုထားတာ။ ခုထိ ဘာမှ အဖြေမှမပေးသေးဘူး“လို့ ဆိုပါတယ်။
အောင်မြေ ၂ ကျေးရွာ ဒေသခံတွေအပြင် ရွှေညောင်ပင်ဒေသခံတွေအပါ ပြည်သူအယောက် ၆၀၀ လောက်ဟာ အောင်မြေ ၂ ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲ ရှောင်တိမ်းနေရပြီး ကလေး၊ လူကြီးအချို့ ဖျားနာသူတွေ များလာနေတဲ့အတွက် အမြန်ဆုံး ကူညီကယ်ထုတ်ပေးကြဖို့ တောင်းဆိုလိုတယ်လို့ အောင်မြေ ၂ ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။
“ခုက တစ်ရွာလုံး ထွက်မရသေးဘူး။ ပါလာတဲ့ အစားအသောက်တွေလည်း နှစ်ရက်၊ သုံးရက်ဆို ကုန်လောက်ပြီ။ ဖျားတဲ့သူတွေလည်း များလာတယ်။ ဆေးဝါးတွေ လိုအပ်နေပါတယ်။ တစ်ချို့ ကြမ်းပြင်တွေမှာ အိပ်ရတယ်။ တစ်ချို့ဆို မြေကြီးပေါ်မှာ အမိုးတောင်မရှိတဲ့ နေရာမှာ အိပ်နေရတယ်“လို့ ဆိုပါတယ်။

မတ်လ ၉ ရက်နေ့မနက်ကနေစပြီး အောင်မြေ ၂ ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ အောင်မြေ ၂ ကျေးရွာဘက်ကို မြစ်ကြီးနားမြို့ကနေလည်း လက်နက်ကြီးတွေ ပစ်ကူပေးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်ဖက်တပ်တိုက်ပွဲတွင်း အောင်မြေ ၂ ကျေးရွာအတွင်းက အသက် ၆၀အထက် အမျိုးသမီးသုံးဦးဟာ လက်နက်ကြီးကျည်စ ထိမှန်ပြီး အသက်ဆုံးရှုံးလိုက်ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးကလည်း ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၂ နှစ်အရွယ် နောက်ထပ် ကလေးတစ်ဦးကတော့ ပုခုံးနဲ့ ကျောပြင်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က မတ်လ၁၀ ရက်နေ့မှာတော့ ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ကလေးနဲ့ အထက်လန်အောက်လျှော ဖြစ်နေတဲ့ ကလေးနှစ်ဦးဟာ စိုးရိမ်ရတဲ့အတွက် မြစ်ကြီးနားမြို့ဘက် ဆေးကုသဖို့ ဆိုင်ကယ်နဲ့ စွန့်စားထွက်ခွာခဲ့တယ်လို့လည်း ပြောပါတယ်။
“ခေါင်းမှာထိတဲ့ ကလေးတစ်ယောက် သွေးအရမ်းထွက်လာတယ် ။ နောက် ကလေးတစ်ယောက်လည်း အထက်လှန်အောက်လျှောဖြစ်လာတော့ အဲဒီနှစ်ယောက်ကို ဆိုင်ကယ်နဲ့ ခေါ်သွားတယ်။ မြစ်ကြီးနား ရောက်ပြီလို့တော့ ပြောတယ်။ အဲဒါက ပထမဦးဆုံး ဒီကထွက်သွားတဲ့ သူတွေပေါ့။ ကျန်တဲ့ သူတွေကတော့ ခုထိထွက်မရသေးဘူး“လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။
အောင်မြေ ၂ ကျေးရွာအတွင်း စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်ရှိနိုင်ပြီး အတိအကျကိုတော့ ခန့်မှန်းပြောဆိုလို့ မရဘူးလို့ အောင်မြေ ၁ ကျေးရွာဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အောင်မြေ ၁ ကျေးရွာအတွင်းက ဒေသခံပြည်သူအချို့လည်း လက်ရှိအချိန်အထိ ပိတ်မိနေဆဲဖြစ်ပြီး တစ်ချို့ကတော့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီလို့ ကြားသိရတဲ့အပြင် အောင်မြေ ၂ ကျေးရွာအတွင်းက ဒေသခံပြည်သူတွေ အားလုံးကတော့ ပိတ်မိနေဆဲလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မတ်လ ၇ ရက်နေ့က စတင်လိုက်တဲ့ ထိုးစစ်အတွင်းမှာ မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီစခန်းတွေကိုလည်း တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေတာပါ။
အောင်မြေ ၂ ကျေးရွာကတော့ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လမ်းတစ်လျှောက်မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။







