ဇန်နဝါရီ၊၉
ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ MPT နဲ့ ATOM ဖုန်းလိုင်းတွေ ပြန်လည်ရရှိနေပေမဲ့ မြို့တွင်း အချင်းချင်းဆက်သွယ်ဖို့ ခက်ခက်ခဲခဲ ခေါ်ယူနေရတယ်လို့ သိရပါတယ်။
MPT ဖုန်းလိုင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းလောက်ကနေ တနိုင်းမြို့မှာ ပြန်လည်ရရှိလာတာဖြစ်ပြီး လက်ရှိအချိန်ထိ ဖုန်းလိုင်းရနေပေမဲ့ မြို့တွင်းဖုန်းခေါ်ဆိုရာမှာ အကြိမ်ကြိမ် ခေါ်ဆိုမှဝင်ပြီး ရှင်းလင်းပြတ်သားမှုလည်း မရှိဘူးလို့ တနိုင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“လုံးဝကောင်းတာကြီးတော့ မဟုတ်ဘူး။ ဆက်သွယ်မှု ဧရိယာပြင်ပနဲ့ အရင်ကလို ချက်ချင်းတော့ မဝင်ဘူး။ တနိုင်းမှာဆက်ရင် လိုင်းမရှင်းဘူး။ အသံလည်း ပြတ်တောက်ပြတ်တောက်နဲ့။ ဖုန်းတိုင် ကတော့ အပြည့်ပေါ်ပြီးလိုင်းမကောင်းဘူး။ ဒေတာနဲ့ဆိုင်တာတော့ ဘာမှသုံးမရသေးဘူး။“ လို့ ဒေသခံက ဆိုပါတယ်။
ပြည်ပဖုန်းခေါ်ဆိုမှုနဲ့ မြစ်ကြီးနား၊ မန္တလေးမြို့တွေဘက်က ခေါ်ဆိုမှုတွေဆိုရင်တော့ ကောင်းကောင်း ဆက်သွယ်ပြောဆိုနိုင်ပေမဲ့ တနိုင်းမြို့တွင်း အချင်းချင်းခေါ်ဆိုရာမှာပဲ အဆင်မပြေဖြစ်နေသေးတယ်လို့ ဆိုပါတယ်။
MPT ဖုန်းလိုင်းပြန်ရလာတဲ့ နောက်မှာတော့ တနိုင်းမြို့မှာ KPay ကနေ ငွေလွဲငွေထုတ်တာတွေလည်း ပြန်လည်လုပ်ဆောင်လို့ရနေပြီဖြစ်သလို မှော်ဒေသဘက်မှာလည်း ငွေလွှဲငွေထုတ် ပြုလုပ်တာတွေ ပြန်ရနေပြီလို့ သိရပါတယ်။
ဒါပေမဲ့ MPT နဲ့ Atom ဖုန်းလိုင်း နှစ်ခုလုံး ဒေတာအင်တာနက် အသုံးပြုလို့မရသေးသလို ကျန် အော်ပရေတာနှစ်ခုဖြစ်တဲ့ Ooredoo နဲ့ Mytel ကတော့ အခုချိန်ထိတော့ မရရှိသေးပါဘူး။
လက်ရှိ တနိုင်းမြို့မှာ အင်တာနက်အသုံးပြုလို့ရတဲ့ ဆိုင်တွေ တော်တော်များများရှိသလို နှစ်နာရီသုံး ကျပ်ငါးထောင်၊ တစ်နေကုန်သုံး ကျပ်တစ်သောင်း စသဖြင့် အင်တာနက် သွားရောက်အသုံးပြုနေကြပြီး အင်တာနက်အသုံးပြုခတွေကတော့ စဖွင့်လာချိန်ကနေ တဖြည်းဖြည်း ဈေးသက်သာလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့ကနေ အခုချိန်အထိ ကချင်ပြည်နယ်က မြို့နယ်အများစုမှာ ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခံထားရတာဖြစ်ပြီး မြို့နယ်တချို့မှာပဲ ဖုန်းလိုင်းတွေ ပြန်လည်ရရှိနေတာ ဖြစ်ပါတယ်။