နောင်းချိန်းကျေးရွာအတွင်းက စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ်ယာဉ်တစ်စီးနဲ့ ဆေးဝါးတွေ လိုအပ်

76

 

ဇူလိုင်၊၁၀

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအတွင်းက စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ်ယာဉ်တစ်စီးနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ရေဘေးကြုံခဲ့ကြရတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပေမဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

ကြည့်ရှုကုသပေးတဲ့သူတော့ရှိတယ်။ ဆေးမရှိဘူး။ စခန်းတိုင်း ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တယ်။ ငှက်ဖျားလည်းဖြစ်တယ်။ လည်ချောင်းနာတာတွေ ဖြစ်နေတယ်။ အရေပြားယားနာတွေ အရမ်းဖြစ်နေကြတယ်။”လို့ တာဝန်ခံက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ KBC ကျန်းမာရေးအဖွဲ့နဲ့ အရပ်ဖက်အဖွဲ့ဆရာဝန်တွေကနေ လာရောက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆက်လက်ပြောပါတယ်။

ငှက်ဖျားအဖြစ်များတဲ့ ဒေသဖြစ်တဲ့အတွက် ဆေးဝါးတွေအရေးကြီး လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းနေ ပြည်သူတစ်ဦးကလည်းပြောပါတယ်။

အခုကမိုးတွင်းဆိုတော့ ဒီနောင်းချိန်းဘက်မှာက ငှက်ဖျားအရမ်းဖြစ်တယ်။ အဲဒီတော့ ဖျားတဲ့သူအားလုံးနီးပါး ငှက်ဖျားဖြစ်တယ်။ ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်တယ်။ အဲဒါက ကျွန်တော်နေတဲ့ စခန်းတစ်ခုတည်းမှာပဲ မဟုတ်ဘူး။ စစ်ရှောင်စခန်းအားလုံးမှာ ဆေးဝါးအတော်လည်း လိုအပ်နေတယ်။”လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းက ဆေးဆိုင်တွေမှာလည်း အရင်တုန်းကလို ဆေးဝါးစုံစုံလင်လင် မရှိတော့တဲ့အပြင် ဆေးရုံကြီးကလည်း ဆေးခန်းသဘောမျိုးပဲ ဖွင့်ထားတယ်လို့လည်း သိရပါတယ်။

နောင်းချိန်းကျေးရွာအတွင်းမှာ စစ်ရှောင်ပြည်သူ အယောက် ၈,၀၀၀ ကျော် (KBC အသင်းတော်အောက်ရှိသူ အယောက် ၆၀၀၀ ကျော်အပါ) နဲ့ ဒေသခံပြည်သူအယောက် ၃,၀၀၀ ကျော်ရှိတာဖြစ်တာကြောင့် အရေးပေါ်ကားတစ်စီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ညဘက် အရေးပေါ်ဖျားနာလာတာရှိပေမဲ့ ဗလမင်းထင်တံတားဖြတ်လို့မရတဲ့အပြင် အရေးပေါ်ကားလည်း မရှိတာကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ကလေးတစ်ဦးလည်းရှိတယ်လို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

ဟိုတလောက အသက် နှစ်အရွယ်ကလေးတစ်ဦး ငှက်ဖျားတက်တာ။ ၁၁ နာရီလောက်မှာ ဆေးရုံသွားဖို့လည်းမလွယ်၊ ဆရာဝန်လည်းမရှိ၊ ဘယ်သူ့မှလည်း သွားမပို့ရဲတော့ မနက် နာရီမှ ပို့မယ်ပြောထားတာ နာရီမထိုးခင်သေသွားပြီ။”လို့ ဆိုပါတယ်။

KBC ကျန်းမာရေးအဖွဲ့ကနေ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ပြည်သူအားလုံးကို အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ကျေးလက်ဆေးပေးခန်းဖွင့်ပြီး ဆေးဝါးတွေထောက်ပံ့ဖို့ ပြောဆိုလာတာရှိတယ်လို့လည်း သိရပါတယ်။

နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဝိုင်းမော်- လိုင်ဇာလမ်းပေါ်က ကျေးရွာတွေက ပြည်သူတွေနဲ့ ဝိုင်းမော်- ဝါရှောင်လမ်းပေါ်က ကျေးရွာတွေက ပြည်သူတွေသာမက ဝိုင်းမော်မြို့တွင်းရပ်ကွက်က ပြည်သူတွေဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တွေဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ မတ်လကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ကြတဲ့ ပြည်သူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကတည်းက မြစ်ကြီးနားမြို့မှာ မြစ်ရေတွေ မြင့်တက်လာပြီး နောင်းချိန်းစစ်ရှောင်စခန်းက ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေလည်း ရေဘေးသင့်ခဲ့ရတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here