မတ်၊ ၉
ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ဝိုင်းမော်မြို့နဲ့ စန်းကားကျေးရွာဘက်ကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ရွာအတွင်း ကချင်လွတ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နီးစပ်ရာ တောလမ်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ အောင်မြေ ၁ စစ်ရှောင်စခန်းမှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီမှာ ဘယ်လိုမှ နေလို့မကောင်းတော့ဘူး။ ရွာသားတွေအားလုံးက အသံကြားတာနဲ့ သိတဲ့အတိုင်း ဘေးနားမှာပဲ ကျသလိုဖြစ်နေတော့ နေလို့မရတော့ဘူး။ အဲဒါကြောင့်အခုကျွန်တော်တို့ ကားစောင့်နေတာ။ အားလုံးသွားနေကြပြီ။“လို့ ဆိုပါတယ်
အောင်မြေ ၁ စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ ရွှေညောင်ပင်၊ ကဇူးယန်၊ ဒဘတ်ယန်၊ ဂါးရာယန်နဲ့ နန်ဆန်ယန် စတဲ့ရွာတွေက စစ်ရှောင်ပြည်သူအယောက် ၅၀၀ လောက်ကို ကားနဲ့ တင်ပြီး စန်းကားကျေးရွာ ဘက်ကိုရွှေ့ကြဖို့ လုပ်ဆောင်နေကြပြီလို့ ဆက်လက်ပြောပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့က သာဂရဘုရားကျောင်းမှာ အောင်မြေ ၁ ရွာအတွင်းက ဒေသခံအိမ်ခြေ ၂၀၀ ကျော်လည်း ရောက်ရှိနေကြပြီဖြစ်တဲ့အပြင် ဆက်လက်ပြီးလည်း လမ်းတစ်လျှောက် စစ်ရှောင်သူတွေ သွားလာနေကြတယ်လို့ အောင်မြေ ၁ ရွာက ဒေသခံတစ်ဦးဆီက သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ အင်လုံခ တံတားစောင့် ပြည်သူ့စစ်တပ်စခန်းကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မနေ့က မတ်လ ၈ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အခုချိန်ထိ အထက်ပါ အောင်မြေ ၁ ကျေးရွာနဲ့ ရွှေညောင်ပင်ကျေးရွာတစ်လျှောက်ဘက်မှာ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ကူတာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာ ရွာအတွင်းမနေရဲတော့တာကြောင့် တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးက စစ်ကောင်စီအထိုင် တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို KIA ကနေ မတ်လ ၇ ရက်နေ့ မနက်ပိုင်းကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်ပေါင်း ၁၀ ထက်မနည်း သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။
ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာတော့ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။







