မတ်၊၂၇
KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တို့ ဒီကနေ့မနက် ၇ နာရီကနေ တိုက်ပွဲဖြစ်ပွားနေပြီး ယော်ယုံတောင်(Yaw Yung Bum) စစ်ကောင်စီတပ်စခန်းကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မိုင်ဂျာယန်မြို့အနီးက စစ်ကောင်စီစခန်း ၄ ခုကို KIA က တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကနေလည်း မိုင်ဂျာယန်နဲ့တရုတ်နယ်စပ်ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ မိုင်ဂျာယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီက မိုင်ဂျာယန်နားက နယ်စပ်ဘက်ကို လက်နက်ကြီးတွေပစ်နေတာ ၊ဒေသခံတွေ ထိခိုက်တာတော့ မရှိဘူး”လို့ အထက်ပါ အမျိုးသားကပြောပါတယ်။
ယော်ယုံတောင် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မိုင်ဂျာယန်မြို့အနီး တရုတ်ဘက်ခြမ်းကို ကျရောက်ပေါက်ခဲ့တဲ့အတွက် အနီးနားက တရုတ်လူမျိုးတွေ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ သိရပါတယ်
ဒါ့အပြင်မိုးမောက်နဲ့ လွယ်ဂျယ်မြို့ဘက်က စစ်ကောင်စီစခန်း(၄)ခုကို KIAပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
ယော်ယုံတောင်နေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ တရုတ်ပြည်ဘက်ကို သုံးလုံးကျတယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပြီး သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ထိုးစစ်စတင်တဲ့ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းကြီးတွေဖြစ်တဲ့ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ ဖွန်းပျန်တောင်(Hpun hpyen bum)၊ နမ်ဖတ်ချောင်းတံတားဂိတ်စခန်း(Nam Hpak Hka Mahkrai post)၊ မလိတပ်စခန်းကြီး၊ခယာတောင်(Hkaya Bum)တပ်စခန်းကြီးတွေအပြင် ရှေ့တန်းကာကင်းစခန်းငယ် အများအပြားကို KIA က သိမ်းပိုက်ထားပါတယ်။







