ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်၊ စစ်ကော်မရှင်ရဲ့ လုံခြုံရေးချထားတဲ့ နေရာအချို့ကို KIA သိမ်းပိုက်

33
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်

 

ဒီဇင်ဘာ၊၂၇

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး စစ်ကော်မရှင်တပ်ကနေ ထိုးစစ်ဆင် နေရာယူထားတဲ့ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်နေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ဗန်းမော်မြို့ဘက် တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာပြီးတော့ လက်ရှိအချိန်အထိလည်း တိုက်ပွဲတွေ ရှိနေဆဲလို့ သိရတာပါ။

တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်က စစ်ကော်မရှင် ခြေလျင်တပ်ရင်း ခလရ-၄၇ တပ်စခန်းအပြင် စစ်လက်နက်ပစ္စည်းတပ် စနက-၆၄၁ တို့ကို သိမ်းပိုက်ရရှိတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အတည်ပြုသေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ ခလရ ၄၇၊ စနခ ၆၄၁တွေ သိမ်းတယ်လို့ ထွက်နေတယ်။ ဒါပေမဲ့ တရားဝင် အတည်ပြု မဖြစ်သေးဘူး။ ထိုးစစ်ဆင်ပြီး နေရာယူထားတဲ့ နေရာအချို့တော့ သိမ်းနိုင်တာ ရှိတယ်။ တပ်စခန်းတော့ မဟုတ်ဘူး။ သူတို့ လုံခြုံရေးချထားတဲ့ နေရာ တစ်ခု၊ နှစ်ခု သိမ်းနိုင်တာတော့ ရှိတယ်။လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အားစိုက် တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့က စစ်ကော်မရှင်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့တွေကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ တစ်နှစ်ကျော်ကြာမြင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်နှစ်လောက်အချိန်အတွင်း မြို့ရဲ့ သုံးပုံ နှစ်ပုံကို KIA ပူးပေါင်းတပ်ဖွဲ့က အုပ်ချုပ်ခဲ့ပြီးနောက် မိုးရာသီအကုန် နောက်ပိုင်းမှာတော့ စစ်ကော်မရှင်ဘက်က စစ်ဆင်ရေး ပြင်းပြင်းထန်ထန် ပြန်လည်လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားဖူးပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ မန္တလေးကနေ ကချင်ပြည်နယ်ဘက် ရေယာဉ် သင်္ဘောနဲ့ စစ်အင်အားဖြည့်တင်း တက်လာတဲ့ စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၁ ရက်နေ့က ဗန်းမော်မြို့ဘက် ဝင်ရောက်လာတဲ့ နောက်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်ဘက်ကလည်း စစ်ရေးအရှိန် မြင့်လာပြီး KIAပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေဘက် စစ်ကြောင်းထိုးတာတွေ ရှိခဲ့ပါတယ်။

ဗန်းမော်တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဘက်က ဗန်းမော်သံချပ်ကာတပ်ရင်း ၇၀၀၆ တပ်စခန်းအပြင် လေတပ်စခန်း၊ အမြောက်တပ် အမတ ၃၆၆၊ ခလရ ၂၃၆၊ ကန်တော်စာသင်ကျောင်းမှာ တပ်စခန်းချနေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်း၊ တင့်ကားတပ်ရင်း ၅၀၁၄ စတဲ့ တပ်စခန်းတွေအပါအဝင် မြို့ရဲ့ နေရာအများစုကို သိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်ကနေ စက်တင်ဘာလ ဒုတိယပတ်အတွင်းက အဲဒီတပ်စခန်းတွေထဲက အမြောက်တပ် အမတ ၃၆၆၊ တင့်ကားတပ်ရင်း ၅၀၁၄နဲ့ ခလရ ၂၃၆ တပ်စခန်းတွေကို စစ်ကော်မရှင်တပ် ဘက်က ပြန်လည်သိမ်းပိုက်သွားနိုင်တဲ့ အခြေအနေလို့ ဆိုရမှာပါ။

သို့ပေမဲ့ KIAတပ်ပေါင်းစုဘက်ကနေလည်း ပြန်လည် လက်လွှတ်လိုက်ရတဲ့ ခလရ ၂၃၆ လို တပ်စခန်းကို အပြန်အလှန် သိမ်းပိုက်ရယူတာမျိုးတွေ ရှိနေတာကြောင့် နှစ်ဖက်တပ်ကနေ တပ်စခန်းတွေ အခိုင်အမာ အထိုင်ချဖို့ ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

လက်ရှိမြေပြင် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဗန်းမော်မြို့ရဲ့ နေရာအများအပြားမှာ စစ်ရေးတင်းမာနေပြီးတော့ ခလရ ၄၇ တပ်စခန်းဘက် တိုက်ပွဲပိုမို ပြင်းထန်နေတယ်လို့ ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့မှာ စစ်ကော်မရှင်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)၊ ခြေလျင်တပ်ရင်း ၄၇၊ ၁၂၁၊ ၂၃၆ နဲ့ ၂၃၇ တို့အပြင် အမြောက်တပ်ရင်း ၁ ရင်း၊ သံချပ်ကာတပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့၊ စစ်အသုံးအဆောင်ပစ္စည်းတပ်ဖွဲ့၊ ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့နဲ့ စစ်ဆေးတပ်ဖွဲ့စတဲ့ တပ်စခန်းတွေ တည်ရှိတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here