မြေရှားပိုင်ဆိုင်မှုကြောင့် KIA ကို တရုတ်က ဖိအားပေး အပစ်ရပ်ခိုင်းလို့မရဘူးလို့ ICG ဖော်ပြ

2
Photo : Global Witness and ICG

 

စက်တင်ဘာ၊ ၁၁

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ မြေရှားလုပ်ကွက်တွေကို ထိန်းချုပ်ထားနိုင်မှုကြောင့် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို တရုတ်က KIA အပေါ် ဖိအားပေး အပစ်ရပ်ခိုင်းလို့ မရဘူးလို့ International Crisis Group (ICG) က ဖော်ပြလာပါတယ်။

ICG က စက်တင်ဘာ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မြေရှားသတ္တုအကြောင်း ထုတ်ပြန်ချက်မှာ အဲဒီလို ရေးထားတာပါ။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လိုမျိုး လက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ရင် KIA အပေါ် တရုတ်ရဲ့ ဖိအားပေးမှုဟာ နည်းပါးတယ်လို့ ICG က ဆိုပါတယ်။

နေပြည်တော်နဲ့ အပစ်အခတ် ရပ်စဲဖို့ အဲဒီ ၂ ဖွဲ့လုံးဟာ အဓမ္မ ဖိအားပေးခံခဲ့ရပေမဲ့ KIO/KIA ကတော့ မဟာဗျူဟာမြောက် သယံဇာတတွေကို ထောက်ပံ့ပေးနေသူဖြစ်တာကြောင့် ဖိအားပေးခံရမှု နည်းတယ်လို့ ဖော်ပြထားပါတယ်။

အရင်က ကချင်ပြည်နယ်က မြေရှားလုပ်ကွက်တွေကို စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားတာကနေ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ KIA က ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အခုအချိန်မှာ အဲဒီသတ္တုတွင်းတွေကနေ ဝင်တဲ့ငွေတွေဟာ နေပြည်တော်ကို မရောက်တော့ဘဲ KIA ဆီကို စီးဆင်းနေတယ်လို့လည်း ICG က ဆိုပါတယ်။

KIO က ထိန်းချုပ်ပြီးတဲ့နောက် တရုတ်ဟာ မြေရှားဒြပ်စင်တူးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ တင်ပို့မှုကို အချိန်တခုအထိ ကန့်သတ်ခဲ့ပေမဲ့ မြေရှားရဲ့အရေးပါမှုကြောင့် ၂၀၂၅ ခုနှစ်မှာ ဖြေလျှော့ပြီး နယ်စပ်ကုန်သွယ်ရေးကို အပြည့်အဝပြန်ဖွင့်ပေးခဲ့တယ်လို့ ICG က ရေးထားပါတယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားဒြပ်စင် ကုန်ကြမ်းတွေ တင်ပို့တဲ့ အကြီးဆုံးအရင်းအမြစ်ဖြစ်လာပြီး ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁.၅ သန်းလောက်သာ ရှိခဲ့တာကနေ ၂၀၂၁ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၇၈ဝ အထိ မြင့်တက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ICG ကတော့ မြေရှားသတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေသလို ရှမ်းပြည်နယ်ဘက် သတ္တုတွင်းတွေကြောင့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။

KIA ကတော့ သူတို့ ထိန်းချုပ်ထားတဲ့ ဧရိယာထဲမှာ မြေရှားသတ္တုတူးဖော်ရင် လိုက်နာရမယ့် ဥပဒေတွေကို ချမှတ်ထားပြီး အချက် ၁၄ ချက်လောက်ရှိတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here