UWSA ၏ အရာရှိနှစ်ဦးကို တရုတ်ကဖမ်းဝရမ်းထုတ်၊ အသေးစိတ်မသိရသေးကြောင်း UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံပြော

338

 

အောက်တိုဘာ၊ ၁၃

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က အရာရှိကြီးနှစ်ယောက်ကို အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး တရုတ်နိုင်ငံဘက်က အောက်တိုဘာ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံရသူတွေဟာ UWSA ရဲ့ လမ်းပန်းဆက်သွယ်ရေးအကြီးအကဲ ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူး ရှောက်ဟော်တို့ ဖြစ်တယ်လို့ ဝရမ်းထုတ်ထားတဲ့စာမှာ ဖော်ပြထားပါတယ်။

ဖမ်းဝရမ်းကိုတော့ တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ်၊ ကူမင်ပြည်သူ့လုံခြုံရေးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်နဲ့ပတ်သက်လို့ သတင်းပေးနိုင်မယ်ဆိုရင် ယွမ်တစ်သိန်းကနေ ငါးသိန်းအထိ ပေးသွားမှာဖြစ်သလို သတင်းပေးသူရဲ့ အချက်အလက် မပေါက်ကြားစေဖို့လည်း လျှို့ဝှက်ပေးထားမယ်လို့ ဖမ်းဝရမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ UWSA ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းချိန်မှာတော့ “အသေးစိတ်မသိရသေးလို့၊ အထက်ကိုမေးထားတုန်းပါ” လို့ Viber က တစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

.ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း တရုတ်က ကုန်စည်ပြပွဲကိုသွားတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ကို တရုတ်ဘက်က အွန်လိုင်းငွေလိမ်လည်မှုနဲ့သံသယရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

ဒီနှစ်ထဲ ရုံတင်ပြသခဲ့တဲ့ အွန်လိုင်းကငွေလိမ်လည်တဲ့ လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံမှာဖမ်းဆီးပြီး အတင်းအကျပ်ခိုင်းစေတဲ့အကြောင်း ရိုက်ထားတဲ့ No More Bets ဆိုတဲ့ တရုတ်ရုပ်ရှင်ဟာလည်း ရုံတင်ငွေ ဒေါ်လာသန်းငါးရာကျော်အထိ ရရှိခဲ့သလို အဲဒီရုပ်ရှင်ဟာ မြန်မာရဲ့ဂုဏ်သိက္ခာကိုထိခိုက်ခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here