မုန်လိုင်ခက်မှာ ကမ္ဘာပျက်တဲ့ည

306

 

ဆောင်းပါး

လူကြီး၊ လူငယ်၊ ကလေးတွေနဲ့ မိသားစုတွေ စုံစုံလင်လင်ရှိခဲ့တဲ့ စစ်ရှောင်စခန်းဟာ ဦးအဂမ်ရှေ့မှာတင် မျက်စိတစ်မှိတ်အတွင်း ရုပ်ချည်းပြောင်းလဲသွားခဲ့တယ်။

”တစ်ခါတည်း ပေါက်ကွဲပြီး အိမ်တိုင်းလိုလို ပြိုကျလာတာ။ ကိုယ်တိုင်ရော သေပြီပဲ ထင်နေတာ။ အမှောင်ထဲမှာ မျက်စိက ဖွင့်လို့လည်းမရတော့ဘူး။” လို့ အသက်ဘေးကနေ သီသီလေး လွတ်မြောက်လာခဲ့တဲ့ ဦးအဂမ်က ပြောပါတယ်။

တခဏလေးအတွင်းမှာပဲ သူတို့စစ်ရှောင်စခန်းက နေအိမ်တွေ ပျက်စီးသွားတဲ့အပြင် ဦးအဂမ်မြင်နေကျ၊ နှုတ်ဆက်နေကျလူတွေလည်း အသက်မရှိတော့ပါဘူး။

“ဓာတ်မီးနဲ့ လိုက်ကြည့်တော့ နေရာအနှံ့ အလောင်းတွေပဲ။” လို့ သူက တုန်တုန်ရီရီ ပြောပါတယ်။

ဦးအဂမ်နေထိုင်တဲ့ အဲဒီစစ်ရှောင်စခန်းနာမည်ဟာ မုန်လိုင်ခက်ပါ။ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့ ၂ မိုင်လောက်အကွာမှာ တည်ရှိပါတယ်။ ၂၀၁၁ ခုနှစ်က ဝေကြိုင်ဘက်က စစ်ရှောင်လာတဲ့ ပြည်သူတွေကို ပြန်လည်နေရာချထားပေးထားတဲ့ နေရာဖြစ်ပါတယ်။ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့၊ အခုလ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်မှာ မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဥ်ဟာ မြန်မာပြည်သူတွေသာမက ကမ္ဘာကပါ အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။

ည ၁၁ နာရီခွဲဆိုတာ မုန်လိုင်ခက်စခန်းက စစ်ရှောင်ပြည်သူတွေ အိပ်မောကျနေတဲ့ အချိန်ပါပဲ။ ရုတ်တရက် ပြင်းအားကြီး လက်နက်တစ်ခု စခန်းအတွင်း ပေါက်ကွဲခဲ့လို့ အပြစ်မဲ့ပြည်သူ ၃၀ လောက် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

ဦးအဂမ်အပါအဝင် အသက်ရှင်လွတ်မြောက်လာသူတွေကတော့ အဲ့ဒီညက အဖြစ်ဆိုးကြီးကို မေ့ပစ်လို့မရတော့ပါဘူး။

ဦးအဂမ်တို့ မိသားစုနေအိမ်ဟာ လက်နက်ကြီးပေါက်ကွဲခဲ့တဲ့ နေရာနဲ့ ပေ ၅၀ လောက်သာ ဝေးပါတယ်။ ပေါက်ကွဲမှုကြောင့် မြေပြိုကျသွားတဲ့အထဲ သူ့တို့အိမ်ပါသွားပေမဲ့ အသက်ဘေးကနေ ကြိုးစားရုန်းကန်ပြီး လွတ်မြောက်လာခဲ့ကြတယ်။

ဗုံးကျရောက်ပေါက်ကွဲအပြီး မိသားစုဝင်လေးယောက်လုံး အသက်ဘေးကနေ လွတ်လာနိုင်ပေမဲ့ အသက်သေဆုံးသွားရသူအချို့ကို မြင်လိုက်ချိန်မှာတော့ ဖြေမဆည်နိုင်အောင် ခံစားလိုက်ရတယ်လို့ ဦးအဂမ်က ပြောပြပါတယ်။

” သူ့ပုံစံက ဖိညှစ်ပြီး ချေပစ်လိုက်တဲ့ ပုံစံဖြစ်သွားတယ်။ ကျတဲ့နေရာနဲ့နီးတဲ့ လူတွေကတော့ ထိခိုက်သွားတာ ပိုများတယ်။ တချို့ဆို ဖြစ်နေတဲ့ နေရာအလယ်မှာပဲ ငိုယိုပြီး သတိလစ်သွားတော့မယ့်အထိ ဖြစ်သွားတဲ့သူတွေတောင် ရှိတယ်။ ပုဆိုးကျွတ်တဲ့သူကကျွတ်”လို့ ဦးအဂမ်က အဲဒီနေ့ကမြင်ကွင်းကို ပုံဖော်ပြပါတယ်။

ဦးအဂမ်တို့လိုပါပဲ အန္တရယ်ကြားက လွတ်မြောက်လာခဲ့တဲ့ ဒေါ်အတောင်တို့ စစ်ရှောင်မိသားစုတစ်စုလည်း ရှိပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့အချိန် တုန်လှုပ်ခြောက်ခြားခဲ့ရပြီး ပြင်းအားကြောင့် အနီးအနားမှာရှိတဲ့ အိမ်တွေပါ ပြိုကျခဲ့တာလို့ ဆိုပါတယ်။

” တချို့ဆို ပေါင်ရိုးကျိုးတဲ့ သူကကျိုး၊ ခါးကျိုးတဲ့သူကကျိုးနဲ့ အရမ်းခက်ခက်ခဲခဲ ဖြစ်ခဲ့တယ်။ မိသားစုတွေ ပါသွားတာတွေရှိတယ်။ ပေါက်ကွဲလာတာနဲ့ အိမ်တွေပြိုလာတာ။ နားတွေလည်း မကြားရတော့ဘူး။ အူသွားတာ။” လို့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။

မိသားစုသုံးယောက်နဲ့နေထိုင်တဲ့ ဒေါ်အတောင်တို့ဟာ ဒီဖြစ်စဉ်ကြီး ဖြစ်ပွားပြီးတဲ့နောက် ညအချိန်ရောက်လာမှာကိုတောင် ကြောက်ရွံ့နေမိပြီလို့ ဆိုပါတယ်။

” ညဆိုလည်း အိပ်မပျော်ဘူး။ သတိထားပြီးပဲ နေရတော့တယ်။ နားတွေမကြားလို အူသလို ခံစားနေရသေးတယ်။ အသံကျယ်ရင်တောင် ကလေးတွေက အရမ်းလန့်ပြီး အော်တာတွေ ဖြစ်လာတယ်။ လေယာဉ်သံကြားရင် ထွက်ပြေးရတော့မလို ခံစားရတယ်။” လို့ လက်ရှိခံစားနေရတဲ့ အခြေအနေကို ဒေါ်အတောင်က ပြောပြပါတယ်။

ပေါက်ကွဲခဲ့တဲ့ ပြင်းအားကြောင့် ထိခိုက်ပျက်စီးမှုအကျယ်က ဘောလုံးကွင်း နှစ်ကွင်းစာကျော်လောက်အထိ ရှိပြီး အနက်က ပေ ၃၀ လောက်အထိ ရှိသွားတယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုက အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေလာပြီး ဗုံးကြဲတာလို့ ကနဦးအစက ပြောဆိုတာတွေ ရှိပေမဲ့ နောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောလာခဲ့ကြတာပါ။

ဦးအဂမ်ကလည်း ပေါက်ကွဲမှု မတိုင်ခင်က လေယာဉ်သံတော့ မကြားခဲ့ရပေမဲ့ လက်နက်ကြီးကျတဲ့ အသံလိုမျိုး ယဲ့ယဲ့လေးကြားခဲ့ရတဲ့ စစ်ရှောင်တွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း အခုလို စခန်းတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ဟာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ဖြစ်ပြီး ပစ်ခတ်လိုက်တဲ့ လက်နက်အမျိုးအစားဟာ ထူးခြားတဲ့အတွက် လက်နက်အမျိုးအစားနဲ့ ပတ်သက်ပြီး အတိအကျ မပြောနိုင်သေးဘဲ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

အင်အားအလွန်ကြီးတဲ့ လက်နက်အမျိုးအစား ကိုင်တယ်လို့ ခန့်မှန်းထားတာပေါ့။ လေယာဉ်နဲ့တော့ မဟုတ်လောက်ဘူး။ ထူးခြားတဲ့ ဒရုန်းနဲ့ ပစ်တာလား။ ခရုဇ်နဲ့ ပစ်တာလား။ နည်းလမ်းတစ်မျိုးမျိုးနဲ့ ပစ်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ကနေဦး သုံးသပ်ချက်ကို ပြောပြပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းအတွင်း အခုလို ဖြစ်ပျက်သွားမှုနဲ့ ပတ်သက်ပြီးအရင်က လိုင်ဇာအနီးမှာ KIAရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့ဖူးတာကို သတင်းဖုံးကွယ်ပြီး လုပ်ခဲ့ဖူးတာမျိုး ရှိခဲ့တဲ့အပြင် အခုအခါမှာလည်း ဒရော့ဗုံးတွေ သိုလှောင်တဲ့ နေရာပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုနေတဲ့အပေါ် မဟုတ်မှန်ကြောင်းနဲ့ အဲဒီနေရာဟာ စစ်ရှောင်စခန်းသာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက တုန့်ပြန်ပြောဆိုပါတယ်။

ဦးအဂမ်ကလည်း အဲဒီစစ်ရှောင်စခန်းအတွင်းမှာ ဘာလက်နက်ခဲယမ်းသိုလှောင်ရုံမှ မရှိဘဲ စစ်ရှောင်စခန်းသာဖြစ်ပြီး အခုလို ပစ်ခတ်ပေးတာဟာ စစ်ရှောင်စခန်းက ပြည်သူတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာလို့ ပြောပါတယ်။

လိုင်ဇာမြို့ခံ ပြည်သူအချို့နဲ့ စစ်ရှောင်ပြည်သူတွေကို မြစ်ကြီးနားသတင်းဂျာနယ်ကနေ မေးမြန်းရမှာတော့ မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ လက်နက်ခဲယမ်းသိုလှောင်ရုံ လုံးဝမရှိကြောင်းနဲ့ အခုလို ပြောဆိုနေတာဟာ စစ်ကောင်စီတပ်က သူတို့ရဲ့ လုပ်ရပ်ကို ဖုံးကွယ်ချင်လို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်အပြီးမှာ အရပ်ဖက်အဖွဲ့အစည်း အသီးသီးကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့တာရှိသလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်ကလည်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူအခွင့်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း အရပ်သားစစ်ရှောင်တွေ နေတဲ့နေရာကို ညသန်းခေါင်ယံမှာ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရေးနဲ့ပတ်သက်တယ်လို့ ပြောလို့မရဘဲ အရပ်သားအပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။

” အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ အခုလိုမျိုးအရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေက ပိုဆိုးဝါးလားတယ်။ ဒီကိစ္စဆိုရင် အနန့်ပါမှာဖြစ်ခဲ့တာရဲ့ လူသေဆုံးမှုထက် ဒုတိယအများဆုံး ဖြစ်တယ်လို့ ပြောလို့ရတယ် “ လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

မုန်လိုင်ခက်စစ်ရှောင်စခန်း ပေါက်ကွဲမှုမှာ ပြည်သူ ၂၉ ဦး အသက်ဆုံးရှုံးသွားရပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။

သေဆုံးသွားသူတွေအထဲ အသက် ၁၆ နှစ်အောက်အရွယ် ကလေး ၁၁ ဦးပါဝင်ပြီး အဲဒီအထဲမှာ အသက်အငယ်ဆုံး လသားအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းအနီးဝန်းကျင်မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်မှု မကြာမခဏ ရှိခဲ့ဖူးပြီး စခန်းအနီး လက်နက်ကြီး ကျရောက်မှုကြောင့် ကြောက်လန့်ပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးလည်း သေဆုံးတဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မုန်လိုင်ခက်ပေါက်ကွဲမှုဟာ အဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက ဒုတိယ အသေအပျောက်အများဆုံး ဖြစ်စဉ်တစ်ခုပါ။

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း အနန့်ပါဒေသကို စစ်ကောင်စီက လေကြာင်းတိုက်ခိုက်ခဲ့တာကြောင့် KIA တပ်သားတွေ အပါအဝင် အပြစ်မဲ့ပြည်သူ ၆၂ ဦးသေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အနန့်ပါ၊ မုန်လိုင်ခက်၊ ပဇီကြီးကျေးရွာလို အရပ်သား ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက အာဏာရှင်သမိုင်းကို မှတ်တမ်းတင်နေသလို ခံရသူ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း စိတ်ဒဏ်ရာအဖြစ် စွဲမြဲနေစေခဲ့ပါတယ်။

ဒါကြောင့် ဦးအဂမ်တို့ မိသားစုဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အခုလိုအဖြစ်အပျက်ဆိုး ကြုံရချိန်မှာ စစ်ရှောင်စခန်းတွေမှာ နေထိုင်ဖို့ မချင့်မရဲ ဖြစ်နေပါပြီ။

“ကလေးတွေက အခုလို အိမ်တွေပြိုတဲ့အထိ မြေကြီးတွေ တုန်လှုပ်သွားတဲ့အထိ ဖြစ်သွားတော့ သူတို့ဘဝမှာ အရမ်းကြောက်သွားပြီ။” လို့ ဦးအဂမ်က ပြောပါတယ်။

နှစ်နှစ်ကျော်အရွယ်သာ ရှိသေးတဲ့ ဦးအဂမ်သားလေးကတော့ ‌ပေါက်ကွဲမှုဖြစ်စဥ်အပြီးမှာ “လေယာဉ်လာနေပြီ၊ လေယာဉ်လာနေပြီ”လို့သာ အကြိမ်ကြိမ်ပြောနေတော့တယ်လို့ ဆိုပါတယ်။

က‌လေးတွေမှ မဟုတ်ပါဘူး။ ဦးအဂမ်လည်း အဲဒီအဖြစ်အပျက်အပြီး နောက်ညတွေမှာ ည ၁၁ နာရီထိုးပြီဆိုတာနဲ့ အလန့်တကြား နိုးနေတတ်ပါပြီ။

“ဆိုင်ကယ် အသံကြားရင်တောင် လန့်သွားပြီ။ ပြန်တွေးမိတိုင်း ကြက်သီးထ ငိုချင်စိတ်တွေ ထိန်းမရဘူး။ မျက်စိမှိတ်လိုက်တိုင်း အဲဒီအဖြစ်အပျက်ပဲ မြင်ယောင်တော့တယ်။ အရမ်းခံစားရခက်တယ်။’‘လို့ အသက် ၃၀ အရွယ် ဦးအဂမ်က ပြောပါတယ်။

ကြောက်စရာကောင်းတဲ့ အခြေအနေက လွတ်မြောက်လာပြီးတဲ့နောက်မှာ ဦးအဂမ်ကတော့ မုန်လိုင်ခက်မှာ မနေချင်တော့ဘဲ ပိုလုံခြုံတဲ့ နေရာမှာပဲ နေချင်တဲ့ဆန္ဒတွေ ရှိနေပါပြီ။ ဒါပေမဲ့ ရွေးချယ်ဖို့ သိပ်များများစားစား မရှိတဲ့ဘဝမှာ စိတ်ဒဏ်ရာတစ်ခုကို ဆုပ်ကိုင်ရင်းနဲ့ပဲ ဦးအဂမ်တို့ ရှေ့ဆက်ကြရဦးမှာ အသေအချာပါပဲ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here