ဇန်နဝါရီ၊၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ကို ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
မဘိမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)နဲ့ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့(PDF)တို့ကနေ ပူးပေါင်းတိုက်ခိုက်ပြီး ဒီကနေ့မနက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“မှန်ပါတယ်။ မဘိမ်းမြို့ကို သိမ်းနိုင်ပြီ။ KIA၊AA၊ PDF၊KPDFတပ်ပေါင်းစုတွေကနေ အကုန်ပေါင်းတိုက်ပြီး စစ်တပ်စခန်းရော၊ ရဲစခန်းရော အားလုံး သိမ်းနိုင်ပြီ”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
မဘိမ်းမြို့ဟာ ရွှေလီမြစ်၊ မိုးမိတ်နဲ့ ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နဲ့ ကုန်းလမ်းချင်းဆက်နေတာ ဖြစ်ပြီးတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ ၉၀ ကီလိုမီတာခန့်သာ ကွာဝေးပြီး မြောက်ဘက်မှာ မန္တလေးမြို့နဲ့ ကီလိုမီတာ ၂၀၀ ကွာဝေးပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလအစပိုင်းမှာပဲ KIA ကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနေတာကိုလည်း တွေ့ရပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီး ဂေါင်ငူယန်စစ်ကောင်စီတပ်စခန်း ခမရ ၄၂၄ ကို အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။







