နိုဝင်ဘာ၊၇
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားတဲ့ ကချင်အထူးဒေသ ၁၊ ချီဖွေနဲ့ဆော့လော်မြို့နယ်အတွင်းက ဒေသတွေ(ပန်ဝါဒေသအပါ)မှာ စည်းလုံးမှုနဲ့ လုံခြုံရေးအတွက် ဦးစားပေးလုပ်ဆောင်နေတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း နယ်ခြားစောင့်တပ်ဖွဲ့(ပြည်သူ့စစ်တွေ)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးသွာတာတွေ ရှိတာကြောင့် လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ပြည်သူလူထုလုံခြုံရေးတွေကို လုပ်တယ်။ ကျွန်တော်တို့ KIO/KIA နဲ့ ဝေးကွာသွားတာ အရမ်းကြာပြီဖြစ်တာကြောင့် သူတို့(ဒေသခံတွေ) နဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးတွေကို လုပ်တယ်။“လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒါ့အပြင် KIO/KIA အနေနဲ့ အုပ်ချုပ်ရေးယန္တရားပိုင်းကိုလည်း အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာ မြန်မာဖုန်းလိုင်တွေအားလုံး ဖြတ်တောက်ခံထားရတဲ့အပြင် လျှပ်စစ်မီးတွေလည်း ဖြတ်တောက်ခံထားရတယ်လို့လည်း ဒေသခံတွေနဲ့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။
အဲဒီဒေသမှာ အများဆုံးလုပ်ဆောင်နေတဲ့ မြေရှားသတ္တုလုပ်ကွက်တွေလည်း ရပ်နားထားကြပြီး တရုတ်ဘက်က အဝင်အထွက်မရှိကြောင်းလည်း ကြားသိရပါတယ်။
ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
စက်တင်ဘာလ နောက်ဆုံးအပတ်က စတင်ခဲ့တဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကချင်အထူးဒေသ ၁ ထိုးစစ်မှာ အထက်ပါ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်း သုံးရင်းစလုံးကို ၁ လလောက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာပါ။
အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ နယ်ခြားစောင့်တပ်အခြေစိုက်ရာ ပန်ဝါဌာနချုပ်အနီးက အမှတ် ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး တစ်ဆက်တည်း ပန်ဝါမြို့ကိုပါ သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ကန်ပိုက်တီမြို့အနီးက ၁၀၀၃ တပ်ရင်းသိမ်းပိုက်ခဲ့ပြီးတော့ နောက်ဆုံးကျန်ရှိနေတဲ့ ဖီမော်ကျေးရွာအနီးက ၁၀၀၁ တပ်ရင်းကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့မနက်မှာ ထပ်မံသိမ်းပိုက်လိုက်တာပါ။
လက်ရှိအချိန်မှာတော့ သိမ်းပိုက်ထားတဲ့နေရာတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ ချမှတ်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။