ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းနှစ်ခု တက်လာကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

121

 

ဧပြီ၊၂၄

ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက် အင်အားအများအပြားပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကြီးနှစ်ခု တက်လာတယ်လို့ သတင်းကြားသိနေရတဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အထက်ပါ စစ်ကြောင်းမှာ စစ်ကောင်စီတပ်သားတွေသာမက ကချင်ပြည်နယ်အတွင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပြီး အင်အား တစ်ထောင်လောက်နဲ့ တက်လာတယ်လို့ ကြားသိရပေမဲ့ လက်တွေ့ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကာမိုင်းဘက်နဲ့ အင်းတော်ကြီးဘက်ကနေ တက်လာကြတာလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဖားကန့်ဘက် သူတို့ တပ်မမှူးတွေ လဲမယ်ဆိုတဲ့‌ခေါင်းစဉ်တွေ၊ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေ ပို့ဆောင်မယ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ကားမိုင်းလမ်းဘက်ကနေလည်း စစ်ကြောင်းတစ်ခု။ အင်းတော်ကြီးဘက်ကနေလည်း စစ်ကြောင်းတစ်ခု။ စစ်ကြောင်းအကြီးနှစ်ခုနဲ့ ကားမိုင်းလမ်းနဲ့ မိုးညှင်းလမ်းကနေ တက်လာတယ်လို့ သတင်းကြားသိနေရတယ်။ အင်းတော်ကြီးဘက်က ဟာတွေနဲ့တော့ မနေ့ကနေ တိုက်ပွဲဖြစ်တယ်လို့ ကြားသိရတယ်။ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။

မနေ့ ဧပြီလ ၂၃ ရက်နေ့မှာတော့ အင်းတော်ကြီးဘက်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်တို့နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကြားသိရပါတယ်။

ဒီကနေ့မှာလည်း ကာမိုင်းဘက်ကနေ စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့  KIA တို့ ကာမိုင်းနဲ့ မအူပင်ကြား ရေကာတာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့တယ်လို့ ကြားသိရတဲ့အကြောင်း လီဒိုလမ်းနေ ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းဘက် စစ်ကောင်စီကနေ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တပ်ကနေ မြစ်ကြီးနား-ဖားကန့်လမ်းပိတ်ထား ပိတ်ထားတယ်လို့ သိရပါတယ်။

မတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိတဲ့ လဝါးကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီးနောက်ပိုင်း ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ဆိုပြီးတော့ ဧပြီ ၂ ရက်ကနေ့ ဧပြီလ ၂၂ ရက်နေ့ထိ ယာယီအပစ်ရပ်တယ်လို့ ကြေညာခဲ့ပြီး ဧပြီ ၂၂ ရက်နေ့မှာတော့ ဧပြီလ ၃၀ ရက်နေ့ထိ ထပ်မံတိုးမြှင့်သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အပစ်ရပ်ကြေညာထားတဲ့ကာလထဲမှာ  စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် နေရာ တော်တော်များများကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာ မကဘဲ KIO နယ်မြေတွေမှာလည်း တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ရဲ့ ပြန်ကြားရေးဌာနကနေ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here