တိုက်ပွဲအခြေအနေတွေကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းပိတ်ထား

36

ဧပြီ၊၂၄

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ရဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒီကနေ့မနက်ပိုင်းကစပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖားကန့်ဘက်ကို အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဖားကန့်-မြစ်ကြီးနား အဆင်းလမ်းကို ဒီကနေ့ကစပြီး KIA ဘက်က ပိတ်ထားလိုက်တာလို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ် ။

ကျွန်တော်တို့ဘက်က အဆင်းလမ်းကို ပိတ်ထားလိုက်ပြီ။ စစ်ကောင်စီတွေ အင်အားအများကြီးနဲ့ ထိုးလာလို့ ကာမိုင်းရောက်နေပြီ။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မနေ့ ဧပြီလ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က မြစ်ကြီးနား-ဖားကန့်လမ်းမှာ ကားသမား၊ခရီးသည်တွေကို မဖြတ်ခိုင်းတော့ဘဲ ပိတ်ထားခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖားကန့်က စစ်ကောင်စီတပ်တွေ တပ်ချိန်းဖို့အတွက် မိုးကောင်းက စစ်ကောင်စီ ထုတ်နုတ်အင်အား ၆၀၀ ခန့် ဖားကန်ဘက် စစ်ကြောင်းထိုးလာတာလို့ ကနဦးသိရပြီး အကြောင်းအရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေ ဖားကန့် ဘက် စစ်ကြောင်းထိုးလာတဲ့အတွက် လမ်းတစ်လခန့်ပိတ်မယ်လို့ သတင်းတွေ ထွက်နေကြောင်းလည်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဒီမနက်ကနေ လှုပ်ရှားတက်လာပြီလို့ ပြောတယ်။ သူတို့တက်လာရင် လမ်းတစ်လလောက်ပိတ်မယ်လို့လည်း သတင်းတွေ ထွက်နေတယ်။လို့ အထက်ပါ အမျိုးသားက ပြောတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ KIA/KPDF တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ကားသမားတွေနဲ့ ခရီးသည်တွေ လမ်းမကြာခဏပိတ်တာတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိတဲ့ လဝါးကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီးနောက်ပိုင်း ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here