အင်းတော်ကြီးဒေသကို လေကြောင်း၊လက်နက်ကြီး ပစ်ခတ်တဲ့အပြင် ရှမ်းနီ SNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေကလည်း အင်အားတိုး လှုပ်ရှား

33

ဧပြီ၊၂၄

မိုးညှင်းခရိုင်၊အင်းတော်ကြီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်နေတာအပြင် ဒေသမှာရှိတဲ့ ရှမ်းနီ SNA နဲ့စစ်ကောင်စီ ပူးပေါင်းတပ်တွေကလည်း အင်အားတိုး လှုပ်ရှားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းထဲ ဟိုပင်မြို့ဘက်ကနေ အင်အားထပ်တိုးဝင်ရောက်တဲ့ အခြေအနေကြားသိရသလို စစ်ရေး လှုပ်ရှားမှုတွေ ရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

ဟိုပင်ဘက်ကနေ အင်အားပြန်တိုးတယ်တဲ့။ ကားနှစ်စီးသုံးစီးဝင်တယ်ကြားတယ်။ဟိုပင် နုံးချိုကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ပြီးတော့ လေယာဉ်နဲ့ပစ်တော့ အားလုံး စိုးရိမ်နေကြတယ်။တချို့က ရှောင်နေကြပြီ။လေယာဉ်လည်း ညတိုင်းဝဲတော့ ပြည်သူတွေ စိုးရိမ်နေရတာ။ လို့ဆိုပါတယ်။

နှစ်ဖက်တပ်ဘက်က စစ်ရေးလှုပ်ရှားတာအပြင် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ပြီးနောက် ညတိုင်းနီးပါး လေယာဉ်ပျံဝဲနေတာကြောင့်လည်း ဒေသခံတွေ စိုးရိမ် နေရတာလို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက အင်းသာနဲ့ ဆနွင်းကုန်း ကျေးရွာတွေကို ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံး ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီလို ပစ်ခတ်မှုကြောင့် ဆနွင်းကုန်း ကျေးရွာက အရပ်သား ၂ ဦးထိခိုက်တာနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေး သတင်းဌာနကလည်း ဆိုပါတယ်။

အင်းတော်ကြီးဒေသကို လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်တာအပြင် အဲဒီနေ့မှာပဲ ဟိုပင်နုံးချိုတပ် ခမရ ၃၈၉ ကနေလည်း ၁၂၀ မမ လို့ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ ဆနွင်းကုန်းဘက် ပစ်ခတ်ခဲ့ပြီး နန့်မွန်းမှာရှိတဲ့ ရှမ်းနီSNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေကလည်း ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက်နေ့ည ၁၁ နာရီလောက်ကလည်း တံတားဦး ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ တုံပြင်ကျေးရွာအနီးမှာ လေယာဉ်ဗုံး ၂ ကြိမ် လာချခဲ့တာကြောင့် ပြည်သူ တစ်ဦးထိခိုက်ပြီး နေအိမ်ပျက်စီးခဲ့တာရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကာလသတ်မှတ်ထားပေမဲ့ ကချင်ပြည်နယ်သာမက တခြားဒေသတွေမှာပါ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲက ညောင်ပင်၊ ချောင်းဝနဲ့ ဝှေလုံကျေးရွာတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လကုန်ပိုင်းမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီအချိန် ကတည်းက အင်းတော်ကြီးဒေသမှာ အခြေအနေတင်းမာခဲ့သလို နမ့်မွန်း၊ဆနွင်းကုန်းနဲ့ အင်းသာ စတဲ့နေရာက ဒေသခံတွေလည်း ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here