မေ၊၂၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပေါ်နဲ့ အနီးဆုံးဖြစ်တဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းကြီး သုံးခုထဲက နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ထိုးစစ် ၂ ရက်အတွင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ရွှေညောင်ပင် ၃၂၁ တပ်စခန်းကြီးတော့ ကျန်ရှိနေသေးတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မေလ ၁၈ ရက်နေ့ မနက်ကနေစပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဂါးရာယန်ကျေးရွာနဲ့ ၃၂၁ တပ်စခန်းကြားက လုံဇက်ကောင်တပ်စခန်းကြီးအပြင် ဒဘတ်ချောင်းကူး တံတားထိပ်က ကဇူးတပ်စခန်းကြီးတို့ကို မနေ့ မေလ ၁၉ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုတည်ပြုပါတယ်။
” မြစ်ကြီးနား–ဗန်းမော်လမ်းပေါ်မှာတော့ မနေ့ညက ဒဘတ်ချောင်းတံတားထိပ်က ကဇူးတပ်စခန်းကို သိမ်းတယ်။ တပ်စခန်းလိုမျိုးနေတာက ကဇူး၊ လုံဇက်ကောင်ရှိမယ်။ လုံဇက်ကောင်ကို မနေ့ကမနက် ရှင်းလိုက်ပြီ။ ကဇူး၊ လုံဇက်ကောင်၊ ၃၂၁ အဲဒီသုံးခုက တစ်တန်းထဲ နေတာ။ ကဇူး သိမ်းပြီ။ လုံဇက်ကောင် သိမ်းပြီ။ ရွှေညောင်ပင် ကျန်သေးတယ်“လို့ ပြောပါတယ်။
ဒါ့အပြင် အူထာင်ဘွမ်တပ်စခန်းနဲ့ ခါးရှိ၊ အောင်မြေ ၁ နဲ့ အောင်မြေ ၂ ကျေးရွာအတွင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စခန်းချ နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အပြီးရှင်းထုတ်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျန်ရှိနေသေးတဲ့ ရွှေညောင်ပင် ၃၂၁ တပ်စခန်းကြီး လက်မလွှတ်ရေး လေကြောင်းနဲ့သာမက ဝိုင်းမော် ၅၈ တပ်ရင်း၊ မြစ်ကြီးနားမြို့က အမြောက်တပ်ကနေပါ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတွေဘက် လက်နက်ကြီး ပစ်ကူတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
“သူတို့ ၃၂၁ မကျသွားအောင် လေယာဉ်နဲ့လည်း လာပစ်တယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ ရွှေညောင်ပင် မကျအောင် သူတို့ ကြိုးစားနေကြတယ်။ ၅၈ ကနေလည်း ဆက်တိုက်ပစ်တယ်။ မပခ အမြောက်တပ်ကနေလည်း ပစ်တယ်“လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကဇူးတပ်စခန်းကြီးကို မနေ့ကညပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ မြေပြင်ရောက် စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာတော့ ဝိုင်းမော်မြို့-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်-ဂါးရာယန်-ကဇူးယန်-ဒဘတ်ယန်- ကန်တော်ယန်- နန်ဆန်ယန် စတဲ့ကျေးရွာတွေ တည်ရှိတာဖြစ်ပြီး လိုင်ဇာမြို့ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း တချို့ကို မတ်လ ၇ ရက်နေ့က KIA ဘက်ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
ထိုးစစ်ဆင်တဲ့နေ့(မတ်လ ၇ ရက်နေ့)ကစပြီး ဒီကနေ့အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်အပြင် တခြား တပ်မဟာ(၁)ဘက်နဲ့ တပ်မဟာ(၉)အစရှိတဲ့ နေရာတွေဘက်ကပါပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကောင်စီတပ်စခန်းကြီး/ငယ် ၈၀ ဝန်းကျင်ရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ အတည်ပြု ပြောပြချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဝိုင်းမော်မြို့နယ်အတွင်းသာမက ပူတာအိုမြို့နယ်အတွင်းက ဆွမ်ပီယန်၊ လုံရှာယန်ကျေးရွာဘက်မှာ လည်း စစ်ကောင်စီတပ်သားတွေ စစ်အင်အားဖြည့်တင်းတာတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီး နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။







