မြန်မာနိုင်ငံမှာ Covid-19 စတင်ဖြစ်ပွားတဲ့ အချိန်ကစပြီးတော့ ကချင်ပြည်နယ်မှာ သတင်းရယူဖို့ ပြောရေးဆိုခွင့် ရှိသူတွေ ခန့်ထားပေမယ့် အခုအချိန်ထိ သတင်းအချက်အလက် ရယူတဲ့နေရာမှာ အခက်အခဲဖြစ်နေဆဲပါ။ တချို့သောသူတွေက သတင်းတွေမေးမြန်းတဲ့အချိန်မှာ လိုလိုလားလား ဖြေဆိုကြပေမယ့် တကယ့်ပြည်နယ်အတွက် ပြောရေးဆိုခွင့်ပေးထားတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ချို့တော့ အကြောင်းအမျိုးမျိုးပြပြီးတော့ ရှောင်ခွာနေကြပါတယ်။ ဒါကြောင့်ပဲ ပြည်သူရဲ့သတင်းသိပိုင်ခွင့်၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ် အပါအဝင် မြစ်ကြီးနားမြို့အခြေစိုက် သတင်းဋ္ဌာနအချို့က Covid- 19 သတင်းနဲ့ပတ်သက်ပြီး ပြည်သူတွေ အချိန်မီသိနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီးထံကို သတင်းထုတ်ပြန်ပေးနိုင်ဖို့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ဝန်ကြီးကလည်း ပြည်နယ်ကျန်းမာရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိတဲ့သူတွေကို ကဏ္ဍအလိုက် တာဝန်ပေးခဲ့ပါတယ်။ သတင်းရနိုင်ဖို့အတွက် စာတင်ပါလို့ ဆိုတဲ့အချိန် မြစ်ကြီးနားသတင်းဂျာနယ်က ပြည်နယ်ကျန်းမာရေးဦးစီးဋ္ဌာနရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာနော်ရှဲထာဆီကို လိပ်မူပြီး မေးခွန်း ၁၀ ခုပါဝင်တဲ့ စာတစ်စောင်ကို ဧပြီလ (၂၄)နေ့က ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။
ပြည်နယ်ကျန်းမာရေး ဦးစီးဋ္ဌာနရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Department of Public Health Kachin State ကနေ သတင်းမီဒီယာများကနေ မေးမြန်းလာတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့သတင်းတွေကို ဧပြီလ (၂၅) ရက်နေ့က လေးမိနစ်စာလောက် ဖြေပေးခဲ့ပါတယ်။
သတင်းဋ္ဌာနတွေက စာတင်ပြီး ပေးကြပါ။ ကျန်းမာရေးဋ္ဌာနကနေ အဆင်ပြေတဲ့အချိန်မှာ အလျဉ်းသင့်သလို ဖြေကြားပါမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ သတင်းကိုချက်ချင်းသိနိုင်ဖို့ အခွင့်အရေးက မရှိတော့ပါဘူး။ အဆင်ပြေတဲ့အချိန်မှ ဖြေဆိုမယ်လို့ ဆိုခြင်းက သတင်းကို ချက်ချင်း သိပိုင်ခွင့်မရှိတော့တာပါ။
သတင်းဋ္ဌာနတွေ မေးထားတဲ့ မေးခွန်းတွေကို စုပေါင်းဖြေကြားတဲ့ အဲဒီဗွီဒီယိုဖိုင်မှာ သတင်းဋ္ဌာနတွေက လိုချင်၊မေးချင်တဲ့ သတင်းတွေကို အပြည့်အဝမရခဲ့ကြပါဘူး။ ဖြေသွားတဲ့ မေးခွန်းအများစုက ယေဘုယျဆန်တယ်လို့ သတင်းထောက်တွေက သုံးသပ်ကြပါတယ်။
သတင်းအမှန်ရစေချင်လို့ အခုလိုဖြေပေးတာကို ကျေးဇူးတင်ရပါတယ်။ မအားလပ်တဲ့ကြားကနေ လုပ်နေရတာကို နားလည်ပေမယ့်လည်း သတင်းထောက်တွေကို ခဏလေးဖြစ်ဖြစ် အချိန်ပေး ဖြေကြားပေးတာမျိုး ဖြစ်စေချင်တာပါ။ သတင်းသမား မေးလိုသမျှထက် ကျန်းမာရေးဋ္ဌာနဖက်က ပြောလိုသမျှကို အသားပေးပြောတယ်လို့ဆိုတာ မှားမယ်မထင်ပါဘူး။
ဒါကြောင့် ဒီ ရောဂါကပ်ဆိုးကြီးကာလမှာ ပြည်သူလူထုရဲ့ သတင်းမှန်သိပိုင်ခွင့်၊ သတင်းအချက် အလက် အလျင်အမြန်ရပိုင်ခွင့်တွေကို တန်ဖိုးထားတယ်ဆိုရင် ကချင်ပြည်နယ်ရဲ့ ကျန်းမာရေး ဦးစီးဋ္ဌာန အနေနဲ့ သတင်းအချက်အလက်ကို အချိန်မီ ဝေမျှနိုင်ဖို့ သတင်းနဲ့ပြန်ကြားရေးကို သီးသန့်ထားပေးဖို့လည်း အထူးလိုအပ်လှပါတယ်။
သတင်းသမားတွေဖက်ကလည်း သတင်းမီဒီယာကျင့်ဝတ်နဲ့ အညီ သတင်းယူကြရင်း ပြည်သူ၊ အစိုးရ၊ ကျန်းမာရေး အစရှိတဲ့ တာဝန်ရှိသူ တစ်ဦးတစ်ယောက်ချင်းစီက တတ်နိုင်တဲ့ တာဝန်ကို အတူတကွ ကျေကျေပွန်ပွန် ထမ်းဆောင်ရင်း ဒီရောဂါကပ်ဆိုးကြီး အမြစ်ပြတ်အောင် အမြန်တွန်းလှန်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။





