Covid-19 ပိုးတွေ့လူနာအမှတ်(၁၄၄) ရောဂါပျောက်ကင်းပြီး နေအိမ် Quarantine ဆက်လက်ဝင်နေ

792

မေ ၂၆
Covid-19 ပိုးတွေ့လူနာ အမှတ်(၁၄၄)သည် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ရောဂါကင်းစင်ကြောင်း ဓာတ်ခွဲအဖြေထွက်ရှိခဲ့ပြီးနောက် မိုးညှင်းမြို့နယ်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

လူနာအမှတ် (၁၄၄)သည် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ရောဂါပိုးကင်းစင်သည်အထိ ဆေးကုသမှု ခံယူကာ မြစ်ကြီးနားသားဖွား သင်တန်းကျောင်းတွင် နှစ်ပတ်ကြာ ကွာရန်တင်းဝင်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုပြီးမှ မိုးညှင်းနေအိမ်သို့ Quarantine ဆက်လက်ဝင်ရန် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် ဆိုးရွားစွာဖြစ်ပွားနေသည့် ကပ်ရောဂါကူးစက်ခံခဲ့ရခြင်းကြောင့် စိုးရိမ်မှုများရှိခဲ့ကြောင်း၊ ရောဂါပျောက်ကင်းကာ နေအိမ်သို့ပြန်လည်ရောက်ရှိလာချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများ၏ မှာကြားချက်အတိုင်း ပြုမူနေထိုင်သွားမည် ဖြစ်ကြောင်းလူနာ၏ဖခင်ဖြစ်သူ ဦးထွန်းရွှေက ပြောသည်။

“အစကတော့ ကိုယ့်သားကရောဂါဖြစ်သွားတယ်။ အိမ်မှာလည်း ကူးသွားမှာထင်ပြီးတော့မှ သူများက တံခါးလာပိတ်တော့ ကိုယ်ကဝမ်းနည်းတာပေါ့။ မျှော်လင့်ချက်မရှိတော့ဘူးလို့ စိတ်ကပျက်နေခဲ့တယ်။ အခုသူ အိမ်ရောက်ပြီဆိုတော့ နွေးနွေးထွေး ထွေးဖြစ်အောင်နေထိုင်ဖို့ ဒီမှာပြင်ဆင်ထားပေးပါတယ်။ အခုတော့ ကိုယ့်အိမ်လည်းဖြစ်ခဲ့ပြီဆိုတော့ ဆရာဝန်ညွှန်းတဲ့အတိုင်းကို စည်းနဲ့ကမ်းနဲ့နေရမယ်”ဟု ဦးထွန်းရွှေက ပြောသည်။

ပြန်လည်ပျောက်ကင်းပြီး နေအိမ်သို့ရောက်ရှိလာသည့် လူနာအမှတ် ၁၄၄ ၏နေအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနများပူးပေါင်းပြီး့သာနဆကမေညေအငညန ပြုလုပ်နိုင်ရန် ကောင်းစွာ ပြင်ဆင်ထားပေးကြောင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း သေချာစွာပြုလုပ်ပေးရန် မိသားစုဝင်များကို ညွှန်ကြားထားကြောင်း အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာက ပြောသည်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းအနေနဲ့ကတော့ ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ လူနာအမှတ် (၁၄၄)မိသားစုတွေကို သူရောက်ရှိလို့ရှိရင် နွေးနွေးထွေးထွေးကြိုဆိုပေးဖို့၊ ထမင်းချက်ကျွေးတဲ့အခါ ဘယ်လိုလုပ်ရမယ်ဆိုတာ ပြီးတော့ လက်ဆွဲနှုတ်ဆက်တာမလုပ်ဖို့ သေချာ မှာထားပါတယ်။ အိမ်သာမှာလည်း သူတက်ပြီးရင် ဆေးဖျန်းဖို့ ပြောထားပါတယ်။ ပတ်ဝန်းကျင်က လူတွေကိုလည်း မကြောက်ဖို့နဲ့ သူ့ကို နွေးနွေးထွေးထွေးဆက်ဆံဖို့ ပြောထားပြီးဖြစ်ပါတယ်”ဟု ဦးနော်လာက ဆိုသည်။

လူနာအမှတ်(၁၄၄)သည် ကချင်ပြည်နယ်၏ ပထမဦးဆုံး ပိုးတွေ့လူနာဖြစ်ပြီး ရန်ကုန်လှိုင်သာယာ ဖိနပ်စက်ရုံတွင် စကားပြန်အဖြစ်လုပ်ကိုင်ရာမှ ရောဂါကူးစက်ခံခဲ့ရကာ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။

ထွန်းထွန်း(မိုးညှင်း)

LEAVE A REPLY

Please enter your comment!
Please enter your name here