Covid-19 အခြေအနေကြောင့် နိုင်ငံတော်မှ ပြည်နယ်တွင်း တောင်သူများကို အတိုးနှုန်း ၃ ရာခိုင်နှုန်းလျှော့ချေးပေး

772

မေ ၂၅

Covid-19 ဖြစ်ပွားနေချိန်အတွင်း တောင်သူများချေးငွေဆပ်သည့်အခါ အခက်အခဲဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် အတိုး ၃ ရာခိုင်နှုန်းကို အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှော့ချပေးခဲ့ကြောင်း ကချင်ပြည်နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က သိရသည်။

အတိုးနှုန်းကို ယခင်နှစ်များတွင် တောင်သူများက အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြင့် ပေးဆောင်ခဲ့ကြရာ လွန်ခဲ့သည့် ဧပြီလ တစ်လအတွက် အတိုးနှုန်း (၁) ရာခိုင်နှုန်းလျှော့ပေးခဲ့သဖြင့် တောင်သူများက အတိုး (၇) ရာခိုင်နှုန်းဖြင့် ဆပ်ကြရကြောင်း၊ ယခုလတွင်လည်း Covid-19 ဆက်လက်ဖြစ်ပွားနေသည့် အတွက် မေလ (၁)ရက်နေ့မှစပြီး အတိုးနှုန်း(၂)ရာခိုင်နှုန်းကို ထပ်မံလျှော့ချပေးခဲ့သဖြင့် တောင်သူများက (၅)ရာခိုင်းနှုန်းသာ ဆပ်ရမည်ဖြစ်သည်။

“မေ (၁) ရက်ကစပြီး (၅) ရာခိုင်နှုန်းနဲ့ ဆပ်ရတယ်။ အဲဒါက ချေးပြီးငွေအပေါ် ဆပ်ရတာဖြစ်တယ်။ မိုးတွင်းရော၊ ဆောင်းတွင်းရော အဲဒီလိုပဲ ဆပ်ရတယ်။ အခုပြန်ချေးမယ့် ၂၀၂၀ မိုးချေးငွေကိုတော့ (၅) ရာခိုင်နှုန်းနဲ့ပဲ ဆပ်ရမှာ ဖြစ်ပါတယ်။ ဆောင်းရော အဲဒီလိုပဲ၊ အတူတူပဲ။ တောက်လျှောက်ပဲ ၅ ရာခိုင်းနှုန်းနဲ့ ချေးမှာက။ နောက်ထပ်တော့ အပြောင်းအလဲ တစ်စုံတစ်ရာ မရှိနိုင်သေးဘူး”ဟု ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းလင်းက ပြောသည်။

အကြွေးဟောင်းကိုလည်း မေလမှစပြီး အတိုးနှုန်း (၅)ရာခိုင်းနှုန်းဖြင့်သာ ဆပ်ရမည် ဖြစ်ကြောင်းနှင့် တောင်သူများကို မေလ (၁၅) ရက်ကစပြီး ၂၀၂၀ ခုနှစ်၏ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေသစ်ကိုလည်း ပြန်လည် ချေးပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ချေးငွေသစ်ကို အကြွေးဟောင်း ဆပ်ပြီးသည့် အုပ်စုများကို ဦးစွာထုတ်ချေး ပေးနေခြင်းဖြစ်ပြီး တောင်သူများ ချေးငွေယူသည့်အချိန်တွင် နေရာထိုင်ခင်း ကျယ်ဝန်းစေရန်အတွက်နှင့် လူစုလူဝေးမဖြစ်စေရန်အတွက်၊ မြို့နယ်ဘဏ်ခွဲများနှင့် မြို့တော်ခန်းမစသည့် နေရာကျယ်ဝန်းသော နေရာများတွင် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မိုးချေးငွေ ချေးသူ တောင်သူ ၃ သောင်းကျော်ရှိတယ်။ ဆောင်းချေးငွေ ချေးသူကတော့ တစ်သောင်းကျော် လောက်ပဲရှိတယ်။ လာဆပ်တဲ့ အချိန်ကတော့ သီးနံှပေါ်ခါစတော့ လူများတယ်။ တစ်နေ့ထက် တစ်နေ့တော့ မတူဘူး။ အခုတော့ နည်းသွားပြီ”ဟု ဒေါ်စိမ်းစိမ်းလင်းက ဆိုသည်။

တောင်သူများ အဆင်ပြေစေရေး အတိုးနှုန်းလျှော့ချပေးလိုက်သည့် အတွက် နိုင်ငံတော်က ဘဏ္ဍာငွေလျော့သွားသော်လည်း တစ်ဖက်တွင် နိုင်ငံတော်ကို အမှီပြုနေသော အခြေခံလူတန်းစားဖြစ်သည့် တောင်သူများအတွက် အကျိုးဖြစ်စေကြောင်းလည်း ဒေါ်စိမ်းစိမ်းလင်းက ဆက်လက်ပြောသည်။

“(၅)ရာခိုင်နှုန်းက တစ်နှစ်ကို၊ တစ်လကို ငွေ (၁၀၀) မှာ (၄၂) ပြားနှုန်းပဲကျတယ်။ (၄၂)ပြား အတိုးနှုန်းဆိုတာ ဘယ်မှာမှမရနိုင်တဲ့ အတိုးနှုန်းဆိုတော့ တောင်သူတွေအတွက်က အားတစ်ခုပဲ။ သူတို့အတွက်က အင်မတန်မှ အကျိုးရှိပါတယ်။ နိုင်ငံတော်အတွက်ကတော့ နိုင်ငံတော်ပိုင်ဘဏ် ဖြစ်နေတဲ့အတွက် နိုင်ငံတော်က လုပ်ပေးရတာပေါ့”ဟု ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းလင်းက ပြောသည်။

စိုက်ပျိုးရေးဘဏ်ခွဲတိုင်းတွင် ချေးငွေ လာဆပ်သူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ကာ လာရောက်ကြရန် အုပ်ချုပ်ရေးမှူးများထံမှတစ်ဆင့် နှိုးဆော်ထားပြီး ဘဏ်အတွင်းဝင်လာသူများအနေဖြင့် လက်ဆေးရန် လက်ဆေးဆပ်ပြာနှင့်ရေများ ထားရှိပေးထားသည့်အပြင် ဝန်ထမ်းများနှင့် ထိတွေ့မှု နည်းစေရန် နေရာများကိုလည်း တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၃)ပေအကွာထိုင်ရန် စနစ်တကျသတ်မှတ် စီစဉ်ပေးထားကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here