နိုဝင်ဘာ၊ ၁၂
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ကနေ တခြားဒေသကိုတိမ်းရှောင်တဲ့ ပြည်သူ ဆယ်ချီ သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
မနေ့က အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီလောက်က လောက်ကိုင်-ချင်းရွှေဟော်လမ်း၊ လောက်ကိုင်ဘက်အခြမ်းမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ထိခိုက်ကျဆုံးမှုစုစုပေါင်းကတော့ ဆယ်နဲ့ချီရှိတယ်လို့ကြားတယ်” လို့ လီကျားဝင်းက ပြောပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူစာရင်းကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်တဲ့နေရာဟာ MNDAA နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေတဲ့ ရွာနဲ့လည်း အလှမ်းဝေးတယ်လို့ သိရပါတယ်။
“ဒါကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ဖြစ်ရပ်လို့တော့ ယူဆလို့ရပါတယ်ဗျ” လို့လည်း လီကျားဝင်းက ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာလည်း လောက်ကိုင်မြို့မှာရှိတဲ့ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လောက်ကိုင်မြို့က ထွက်လာတဲ့ ပြည်သူ ၆ ဦးသေဆုံးခဲ့သေးတယ်လို့လည်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေက ရေးသားထားပါသေးတယ်။
အခုအချိန်မှာတော့ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားမှာ လူထောင်ချီပိတ်မိနေပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။
MNDAA ကတော့ လောက်ကိုင်ကနေ ချင်းရွှေဟော်ဘက်လာတဲ့ စစ်ဘေးရှောင်တွေကို စိစစ်လက်ခံပြီး “ဝ” ဒေသဘက်ကနေ တခြားဒေသတွေကိုသွားနိုင်အောင် စီစဉ်ပေးနေတယ်လို့ သိရပါတယ်။







