စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်မပါဝင်

204
ဒေါက်တာခလမ်ဆမ်ဆွန်

 

ဇန်နဝါရီ၊၄

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီကနေ တစ်နိုင်ငံလုံးအတိုင်းအတာ အကျဉ်းသားတွေကို လွှတ်ပေးတဲ့အထဲ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပါဝင်လာခြင်းမရှိဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့မှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသူ/သား ၉၆၅၂ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ကလည်း နိုင်ငံရေးအကျဉ်းသား ၃ ဦးအပါအဝင် အကျဉ်းသူ/သား စုစုပေါင်း ၈၉ ဦး လွတ်မြောက်လာခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုနေကြပြီး မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်မပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်လာခြင်း ရှိ/မရှိ မိသားစုဝင်ကို မေးမြန်းရာမှာတော့ လွတ်မြောက်လာခြင်းမရှိဘူးလို့ ဆိုပါတယ်။

“မလွတ်လာဘူး။ သူတို့ ဘာကြောင့် မလွှတ်ပေးတာလဲတော့ မသိဘူး။ အမြန်ဆုံး လွတ်လာပါစေလို့ မျှော်လင့်တယ်။”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ အပြီးသတ်တရားစီရင်ချိန်မှာ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာဖြစ်ပြီး အဲဒီအမှုတွေအတွက် ခရိုင်တရားရုံးကနေ အယူခံပယ်ချခံရပြီးတဲ့နောက် ပြည်နယ်မှာပါ အယူခံပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ချမှတ်ခံထားရတာပါ။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့ သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here