တီယန်ဇွပ်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲနေသူမှ သူငယ်ချင်းဖြစ်သူကို ဓားဖြင့် ခုတ်သတ်

1600
တီယန်ဇွပ်ကျေးရွာ

မေ၊၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲနေသူမှ သူငယ်ချင်းဖြစ်သူကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

တီယန်ဇွပ်ကျေးရွာတွင် ရောက်ရှိလာသည်မှာ ရက်သတ္တပတ်ဝန်းကျင်သာ ကြာမြင့်သေးသော ဧည့်သည်(၂)ဦးက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည့် နေရာတွင် အငြင်းပွားမှု ဖြစ်ရာမှ သူငယ်ချင်းဖြစ်သူ၏ လည်ပင်းကို ဓားဖြင့် ခုတ်လိုက်သောကြောင့် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မနေ့ကဆို အချင်းချင်း ခုတ်ကြတယ် ကြားတယ်။ မူးယစ်သုံးစွဲသူ အချင်းချင်းပဲ။ဧည့်သည်(၂) ယောက်။ အခုတလောမှ ဝင်လာတယ်ကြားတယ်။ ဆေးကြောင်ပြီး ဖြစ်သွားတာလား မပြောတတ်ဘူး။ တစ်ယောက်ကို လည်ပင်းမှာ ခုတ်သတ်လိုက်တာ။ အဲဒီခုတ်တဲ့ တစ်ယောက်က ဓားကိုင်ပြီး မြစ်တစ်လျှောက်သွားလို့ ရွာကလူတွေဆို အရမ်းကြောက်ခဲ့ကြတာ။”ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် ရွာ၏ အနီးရှိ စစ်ကောင်စီတပ်ရင်းမှ စစ်သားများ ရောက်ရှိလာပြီးဒေသခံလူငယ်များနှင့်အတူ ဓားဖြင့် ခုတ်လိုက်သူကို ဖမ်းဆီးသည့်အပြင် သေဆုံးသူ အသက်(၃၀)ဝန်းကျင် အမျိုးသားကိုလည်း ညနေပိုင်းက နာရေးကူညီမှု အသင်းမှ သယ်ဆောင်သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန် ကျေးရွာအနီး ဝန်းကျင်တွင် မိုးကာတဲများ ဆောက်လုပ်ပြီး မူးယစ်ဆေးဝါးများကိုရောင်းဝယ် သုံးစွဲသူများကပေါ်တင် ပြုလုပ်နေကြသည်သာမက အသက်မပြည့်သေးသည့် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမို များပြားလာကြောင်းလည်း သိရသည်။

တီယန်ဇွပ် ကျေးရွာသည် မြစ်ဆုံအထက်ပိုင်းတွင် ရှိပြီး အိမ်ခြေ(၂၀၀)ဝန်းကျင်၊ လူဦးရေ တစ်ထောင်ခန့်ရှိကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here