စာသင်ခန်း မလုံလောက်တာကြောင့် ဝိုင်းမော်စစ်ရှောင် ကျောင်းသူ/သား အယောက် ၄၀၀ လောက် လက်ရှိချိန်ထိ ကျောင်းမတက်နိုင်သေး

27

 

ဇွန်၊၁၄

ဝိုင်းမော်မြို့နယ်အတွင်းကနေ နောင်းချိန်းစစ်ရှောင်စခန်း ၁၂ ခုမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျောင်းသူ/သား အယောက် ၁,၀၀၀ ကျော်ထဲက ၄၀၀ လောက်ဟာ အခုချိန်ထိ ကျောင်းမတက်နိုင်သေးဘူးလို့ သိရပါတယ်။

နောင်းချိန်းအထက်တန်းကျောင်းမှာ နေရာမလုံလောက်တဲ့အတွက် ကျောင်းလာတက်တဲ့ ကလေးတွေ(စစ်ရှောင်တွေအပါ)ဟာ မနက်ပိုင်းနဲ့ ညနေပိုင်း တစ်သုတ်စီခွဲသင်နေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

အချိန်ခွဲသင်နေပေမဲ့ စစ်ရှောင်စခန်းအတွင်းမှာရှိတဲ့ ကျောင်းသူ/သားအယောက် ၁,၀၀၀ ကျော်အထဲက ၉၀၀ ကျော်ပဲ တက်ရောက်နိုင်ပြီး ကျန် ၄၀၀ လောက်ဟာ ဒီကနေ့အထိ ကျောင်းမတက်နိုင်သေးဘူးလို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

အစိုးရကျောင်းသားတွေကလည်း နေရာမရှိတဲ့ အခြေအနေဖြစ်နေတယ်။ မနက်၊ ညနေဆိုပြီးတော့ အလယ်တန်း၊ အထက်တန်းဆိုပြီး ခေါ်တက်နေကြပေမဲ့ အားလုံးမတက်နိုင်တဲ့ အခြေအနေဟုတ်တယ်။လို့ဆိုပါတယ်။

ကျောင်းဝင်းအတွင်း ပျက်စီးနေတဲ့ နှစ်ထပ်ဆောင်ကို ပြုပြင်ပေးဖို့ တောင်းဆိုပေမဲ့ အခုချိန်ထိ မပြင်ပေးသေးဘူးလို့လည်း သိရပြီး စစ်ရှောင်စခန်းအတွင်းက ၅ နှစ်အောက် မူလတန်းကြိုကျောင်းကလေးတွေအားလုံးလည်း ကျောင်းမတက်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းရှိတဲ့ မခေါယန်၊ မခေါတီ၊ လဘန်၊ အင်ပေါင်၊ ဟန်ဂေါ်၊ အင်ဂန်း၊ မလိယန်နဲ့ ခမ်းဘူ-အစရှိတဲ့ကျေးရွာတွေမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေပဲ ရှိတာကြောင့် အထက်တန်းအထိရှိတဲ့ နောင်းချိန်းကျေးရွာမှာ စစ်ရှောင်စခန်းတိုင်းက ကလေးတွေဟာ အထက်တန်းလာရောက် တက်ကြတာလို့ သိရပါတယ်။

အစိုးရကျောင်းမှာ သွားမတက်နိုင်တဲ့ မူလတန်းကလေးတွေနဲ့ အလယ်တန်းကလေးတွေကို စစ်ရှောင်စခန်းအတွင်းမှာ ကျောင်းတက်နိုင်အောင် KBC ပညာရေးအဖွဲ့ကနေ လုပ်ဆောင်နေပေမဲ့ အိမ်ဆောင်တန်းတွေ ဆောက်လုပ်မပြီးသေးတဲ့ အခြေအနေဖြစ်နေတာကြောင့် ကျောင်းဘက်ကို ဦးစားမပေးနိုင်သေးဘူးလို့လည်း သိရပါတယ်။

နောင်းချိန်းကျေးရွာအတွင်းမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်း ၁၂ ခုက အိမ်ခြေ ၁,၁၉၃ ခုမှာ စစ်ရှောင်လူဦးရေ ၅,၄၆၄ ဦး ရှိတယ်လို့ သိရပါတယ်။

လတ်တလောအချိန်မှာ စစ်ရှောင်ပြည်သူတစ်ဝက်နီးပါးလောက် နေထိုင်ဖို့ အိမ်တွေကို ဆောက်လုပ်နေဆဲကာလဖြစ်ပြီး အိမ်ခေါင်မိုးနဲ့ ဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူဦးရေများတာကြောင့် အိမ်သာ၊ရေချိုးခန်း၊ ရေနဲ့ မီးတွေလုံလောက်မှု မရှိသေးတဲ့အပြင် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ဆိုပါတယ်။

အခုက မိုးတွင်းဆိုတော့ ရှာဖွေစားသောက်ဖို့က ခက်တဲ့အတွက် စားရေးသောက်ရေးအတော်ခက်နေတယ်။ ပြီးတော့ ရေတွင်း၊ ရေလည်းခက်နေတယ်။ စခန်းရှိတဲ့နေရာတိုင်းမှာ ရေတွင်းတူးရတယ်။ အိမ်သာ တူးနေရတယ်။လို့ တာဝန်ခံက ဆက်လက်ပြောပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA ကနေ မေလ ၁၈ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီလမ်းပေါ်က စစ်ကောင်စီရဲ့စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဝိုင်းမော်မြို့တွင်းရပ်ကွက်တွေအထိ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် ဒေသခံတွေတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဝိုင်းမော်မြို့ရဲ့တောင်ဘက်ခြမ်း၊ ဧရာဝတီမြစ်တစ်လျှောက်က ခတ်ချို၊ မခန္တီး၊ နောင်းဟီး၊ အာလူး၊ တာလီ၊ စန်းကား၊ ခန့်လုံး၊ မိုင်းမော်နဲ့ တာစန်း-စတဲ့ကျေးရွာတွေအပါ အင်းလေး၊ ခါးရှီ၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ ရွှေညောင်ပင်၊ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်နဲ့ နမ်ဆန်ယန်-စတဲ့ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ ကဒေသခံတွေအပါ မြို့အရှေ့ဘက်က ဝိုင်းမော် – ဝါရှောင်လမ်းတစ်လျှောက်ဘက်က ကျေးရွာတွေဖြစ်တဲ့ မဒိန်၊ တန်ဘောင်၊ ခကွမ်၊ လဘန်၊ ဝူယန်၊ မုတ်ကျိတ်၊ နမ့်ဝါနဲ့ လမြန်-စတဲ့ရွာတွေက ဒေသခံတွေအပါ ဝါရှောင်ကျေးရွာဘက်က ဒေသခံတချို့လည်း တိမ်းရှောင်နေပါတယ်။

အထက်ပါစစ်ရှောင်တွေဟာ မြို့ရဲ့မြောက်ဘက်ခြမ်း(ဗလမင်းထင်တံတားအထက်ပိုင်း)၊ ဧရာဝတီမြစ်တစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ မခေါယန်၊ မခေါတီ၊ လဘန်၊ နောင်းချိန်း၊ အင်ပေါင်၊ ဟန်ဂေါ်၊ အင်ဂန်း၊ မလိယန်နဲ့ ခမ်းဘူ-အစရှိတဲ့ကျေးရွာတွေဘက်သာမက ဂွေထုကျေးရွာဘက်အထိ သွားရောက်တိမ်းရှောင်နေရတာပါ။

ဒီရက်ပိုင်းမှာလည်း အထက်ပါစစ်ရှောင်တွေရဲ့ မူလနေရပ်ဒေသမှာ စစ်ကောင်စီက လက်နက်ကြီးတွေနက် ပစ်ခတ်မှုတွေ ပြုလုပ်နေဆဲဖြစ်တာကြောင့် အိမ်စောင့်အနေနဲ့ ကျန်ခဲ့တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here