ဖေဖော်ဝါရီ၊၁၉
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာနဲ့ အဲဒီကျေးရွာတစ်လျှောက်ကို စစ်ကောင်စီက နှစ်ရက်အတွင်း လေယာဉ်နဲ့ အကြိမ် ၅၀ လောက် ဗုံးကြဲနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိ စီခမ်းကြီးကျေးရွာအပြင် အနီးတစ်ဝိုက်က အောက်ချောင်း၊ ခါချင်၊ မော်ဆင့်၊ စီကော်၊ သံတံတားစတဲ့ ကျေးရွာတွေဘက်ကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စီခမ်းကြီးရွာကကျောင်းသား ၃ ဦးအပါ ရွာသား ၈ ဦးလောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စီခမ်းကြီးကျေးရွာဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခုသေသွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မိဘတွေသိရင် ဘယ်လောက်ထိ စိတ်ထိခိုက်ရမလဲ မသိတတ်ဘူး။ ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့လည်း အသက်လုပြီး ပြေးခဲ့ရတာဆိုတော့၊ ရွာမှာတောင်မှ အလောင်းကောက်တဲ့ အချိန်ထိမရောက်သေးဘူး။ သေသွားရင်လည်း ဒီအတိုင်းပဲ ပစ်ချထားခဲ့ရတယ်“လို့ ဒေသခံက ဆိုပါတယ်။
ရွာလူကြီးတွေအနေနဲ့ ကယ်ဆယ်ရေးကားတွေ လာခိုင်းဖို့ စစ်တပ်နဲ့ ညှိမရခဲ့တဲ့အပြင် တိုက်ပွဲမဖြစ်ခင် ညနေကတည်းက ရွာထဲကနေ ဘယ်သူ့ကိုမှ မထွက်ဖို့ ပိတ်ထားလိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ မြို့ဘက်ကို ထွက်ပြေးလာကြတဲ့ စီခမ်းကြီးရွာသား အယောက် ၁၀၀ ကျော်လောက်ရှိပြီး ထွက်မပြေးနိုင်တာကြောင့် ရွာထဲမှာ ကျန်ခဲ့တဲ့သူတွေရှိသလို နီးစပ်ရာတောတောင်တွေဘက် ထွက်ပြေးသွားတဲ့သူတွေလည်း အများအပြားရှိတာကြောင့် စာရင်အတိအကျ ပြောဆိုနိုင်ဖို့ ခက်ခဲတယ်လို့လည်း ဒေသခံက ဆိုပါတယ်။
ဗုံးနဲ့ လက်နက်ကြီးဒဏ်တွေကြောင့် ရွာထဲကအိမ်တွေနဲ့ ကျောင်းတွေလည်း အားလုံးပျက်စီးသွားခဲ့ပြီး ပိတ်မိနေတဲ့ ပြည်သူတွေအတွက် စိုးရိမ်နေရတယ်လို့လည်း အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။
ကျောင်းမပြီးသေးတဲ့ ကလေးတွေကိုတော့ မံစီမြို့ထဲက ကျောင်းကို ပြောင်းရွှေ့ပြီး အတန်းတင်စာမေးပွဲ ဖြေဆိုပြီးတဲ့အထိ တာဝန်ယူမှာဖြစ်ကြောင်း ခေါ်ဆိုတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ တချို့မိဘတွေက သွားမထားကြသလို တိုက်ပွဲကြောင့် တစ်နေရာစီရောက်နေကြတဲ့ အနေအထားဖြစ်တဲ့အတွက် တချို့ကလေးတွေအတွက် ကျောင်းဆက်ထားဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။
စီခမ်းကြီးကျေးရွာဟာ စစ်တပ်အထိုင်စခန်းရှိတဲ့ ကျေးရွာဖြစ်တာကြောင့် စစ်ပွဲဒဏ်ကို အများအပြား ခံခဲ့ရတာဖြစ်ပြီးတော့ ဒီကနေ့ တိုက်ပွဲ ၃ ရက်မြောက်နေ့မှာ KIA ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ပြောဆိုနေကြတယ်။
အထက်ပါစခန်းသိမ်းနိုင်ပြီဆိုတာနဲ့ ပတ်သက်ပြီး KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းကြည့်ရမှာတော့ ဘယ်သူမှအကြောင်းကြားလာတာမျိုး မရှိသေးတာကြောင့် အတိအကျ ပြောဆိုနိုင်တာ မရှိသေးဘူးလို့ ဖြေကြားပါတယ်။







