စက်တင်ဘာ၊၂၆
ရွှေကူမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီသင်္ဘောကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ ရွာထဲပြန်လာတာ မရှိသေးတဲ့အပြင် ဗန်းမော်ဘက်က သင်္ဘောပြန်စုန်လာတဲ့အတွက် ကမ်းရိုးတန်းတစ်လျှောက်က ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စစ်သင်္ဘောမှာပါတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ရွှေကူမြို့ တစ်ဖက်ကမ်းက ကျေးရွာတွေဘက် သင်္ဘောရောက်ရောက်ချင်း ဝင်ရောက်လာတာကြောင့် ထွက်ပြေးခဲ့ရတဲ့ မိုးစစ်ကျေးရွာ၊ ရေလဲကျေးရွာနဲ့ ဆင်တပ်ကျေးရွာက ဒေသခံတွေဟာ လက်ရှိအချိန်ထိ ရွာထဲပြန်ဝင်လာတာ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မပြန်လာသေးတာတောင် ဒီနေ့တောင် သင်္ဘောတောင် ပြန်စုန်လို့တောင်မှ မရှိရှိတဲ့ဟာတွေတောင် ပြန်ပြေးနေကြပြန်ပြီ။ အခုက မိုးစစ်၊ ရေလဲတင်မကဘူး အစုန်ဆိုလို့ရှိရင် ကမ်းရိုးတန်း တစ်တန်းလုံးအကုန်ပြေး။”လို့ဆိုပါတယ်။
ထွက်ပြေးနေရဆဲ အဲဒီရွာတွေဟာ တစ်ရွာကို အိမ်ခြေ ၆၀၀ လောက်ရှိတာကြောင့် လူဦးရေထောင်ဂဏန်းလောက် အခက်အခဲတွေကြား အဆင်ပြေသလို တိမ်းရှောင်နေရပြီး အကူအညီလိုအပ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာလည်း ဗန်းမော်က သင်္ဘောတွေပြန်ဆင်းလာတာကြောင့် ရွှေကူမြို့နယ်အတွင်းက ဧရာဝတီကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ရွှေကူတစ်ဖက်ကမ်းဘက်က ကျေးရွာတွေထဲ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေဟာ ရေလဲကျေးရွာက နေအိမ် ၄၅ အိမ်နဲ့ ၁၉ ရက်နေ့က မိုးစစ်ကျေးရွာက နေအိမ် ၂ အိမ် စုစုပေါင်းနေအိမ် ၄၇ အိမ်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဖျက်ဆီးခံရတဲ့ နေအိမ်တွေထဲ တိုက်အိမ်၊ ပျဉ်ထောင်အိမ်၊ ခြေတံရှည်အိမ် စတဲ့ တန်ဖိုးကြီး နေအိမ်တွေပါဝင်ပြီးတော့ နေအိမ်မီးရှို့သွားတဲ့အပြင် ကျေးရွာထဲက သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







