ကားလမ်းပြိုတာတွေ ရှိနေတာကြောင့် ပူတာအိုမြို့ဘက်ကို စက်သုံးဆီသယ်ပို့တဲ့ ကားတွေ သုံးရက်ကြာတဲ့အထိ မရောက်သေး

174

 

ဇွန်၊၁၉

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ ကားလမ်းပြိုတာတွေ ရှိနေတာကြောင့် ပူတာအိုမြို့ဘက်ကို စက်သုံးဆီသယ်ပို့တဲ့ ကားတွေ သုံးရက်ကြာတဲ့အထိ မရောက်ရှိနိုင်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

နှစ်ဖက်အဖွဲ့အစည်း(KIA နဲ့ စစ်ကောင်စီ)ကနေ စက်သုံးဆီသယ်ယာဉ် သီးသန့် ၈ စီးကို ဇွန်လ ၁၆ ရက်နေ့က တက်ခွင့်ပြုလိုက်တာလိုက်တာ ဖြစ်ပါတယ်။

အဲဒီကားတွေဟာ လက်ရှိအချိန်မှာတော့ ပူတာအိုမရောက်ခင် မဆွန်ဇွပ်(Masum Zup)နဲ့ တန်ဂျာကျေးရွာကြား ကျောက်ရေတွင်း (ကချင်အခေါ်အဝေါ် Shin dan mada) အောက်ဘက်နား နေရာမှာ လမ်းချောက်ကမ်းပါးပြိုတဲ့အတွက် လမ်းခုလတ်မှာတင် ပိတ်မိနေကြတာလို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ကျောက်ရေတွင်းအောက်ဘက်နား လမ်းပျက်နေတဲ့ နေရာမှာ ပိတ်မိနေကြတယ်။ တောင်တွေ ဆက်ထားတဲ့ လမ်းဆိုတာ့ အရင်ကတည်းက သွားလမ်းက ၁၀ ပေလောက်ပဲ ကျယ်တာ။ ဘေးနှစ်ဖက်မှာတာ့ ချောက်ပေါ့။ တစ်ဖက်မှာက လမ်းပြိုသွားတာလို့ ပြောပါတယ်။

စက်သုံးဆီသယ်ကားတွေ ပူတာအိုမြို့ဘက် ရောက်ရှိနိုင်ဖို့အရေး ယာယီသံဘောင်တံတားထိုးဖို့ လုပ်ဆောင်နေကြပြီး နောက်ထပ် သုံးရက်လောက် အချိန်ကြန့်ကြာနိုင် သေးတယ်လို့ အထက်ပါ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

သုံးလနီးပါးပိတ်ထားလိုက်ရတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် နှစ်ဖက်အဖွဲ့အစည်း(KIA နဲ့ စစ်ကောင်စီ) ခွင့်ပြုချက်နဲ့ ကား ၁၄ စီးကို ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက ပထမအသုတ်အဖြစ် တက်ခွင့်ပြုခဲ့တာပါ။

အဲဒီနောက်ပိုင်းကနေ နှစ်ဖက်တပ်ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းဆီ တင်ဆောင်မယ့် ကုန်ပစ္စည်းစာရင်းတွေကို နှစ်ရက်ကြိုတင် စာရင်းပေးပို့ထားရပြီး ကုန်ပစ္စည်းတင်ကားတွေကို စိစစ်ပြီးမှသာ တစ်သုတ်ပြီးတစ်သုတ် ပူတာအိုမြို့ဘက် တက်ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အခုတင်ပို့ရောင်းချမယ့် စက်သုံးဆီတွေကို ကုန်သည်တွေဆီ မပေးဘဲ နေရာခွဲပြီးတော့ လက်လီဈေးနဲ့ စားသုံးသူတွေဆီ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ ကြားသိရတဲ့အကြောင်း ဆိုပါတယ်။

အလားတူ ပထမအသုတ်က တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းတွေကိုလည်း ကုန်သည်တွေဆီ တင်သွင်းတာမရှိဘဲ ပြည်သူတွေဆီ လက်လီဈေးနဲ့ တိုက်ရိုက်ရောင်းချပေးကြတာလို့ သိရပါတယ်။

ပါလာတဲ့ ကုန်တွေကို ကုန်သည်တွေဆီ မပေးဘူး။ လက်လီရောင်းပေးကြတာ။ အဓိကကတော့ လက်လီရောင်းပေးတာ များလာရင်တော့ ဈေးနှုန်းတွေကျလာမှာပါ။လို့ ကားသမားက ဆိုပါတယ်။

မနေ့က ဇွန်လ ၁၈ ရက်နေ့ကလည်း ကား ၇ စီး တစ်သုတ် ထွက်ပြီး ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာလည်း နောက်ထပ်တစ်သုတ်ထပ်ထွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

လမ်းပိုင်းဆိုင်ရာ အခက်အခဲရှိပေမဲ့ အခုထွက်မယ့်ကားတွေဟာ စက်သုံးဆီသယ်ယာဉ်ကြီးတွေ ပိတ်မိနေတဲ့ နေရာမှာပဲ ညအိပ်စောင့်ဆိုင်းပြီး ကားလမ်းအဆင်ပြေတဲ့အချိန် အတူထွက်ဖို့ ရှိတယ်လို့လည်း သိရှိရပါတယ်။

အရင်က တစ်ရက်တည်းနဲ့ ရောက်တဲ့ မြစ်ကြီးနား-ပူတာအိုမြို့လမ်းခရီးဟာ အခုအချိန်မှာတော့ လမ်းတစ်လျှောက် နှစ်ဖက်တပ်ဂိတ်တွေကနေ အသေးစိတ်စစ်ဆေးရေးတွေ တင်းကျပ်တဲ့အတွက် အနည်းဆုံး တစ်ညအိပ်ခရီးသွားရတဲ့အပြင် အခုလိုလမ်းခရီးအခက်အခဲတွေကြောင့်ပါ ပူတာအိုမြို့ဘက် အချိန်မီရောက်ဖို့ ကြန့်ကြာနေကြတာပါ။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ မတ်လ ပထမအပတ်က ဆွမ်ပရာဘွမ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းဟာ မတ်လ ၉ ရက်နေ့က ပိတ်သွားခဲ့တာဖြစ်ပြီး သုံးလနီးပါးအကြာ ဇွန်လ ၈ ရက်နေ့မှာတော့ နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here