စက်တင်ဘာ၊ ၂၇
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်က ကဇူးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းမှာ ဒီကနေ့ညနေ ၆ နာရီဝန်းကျင်လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက် စခန်းအနီးတစ်ဝိုက်မှာရှိတဲ့ နေအိမ်က ဒေသခံတွေ ပြောင်းရွှေ့ခိုလှုံနေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားလာတဲ့အချိန် စခန်းအနီးတစ်ဝိုက်ရှိ နေအိမ်တွေအနီး လက်နက်ကြီးကျည်တွေ ကျလာတဲ့အတွက် မနေရဲတော့တာကြောင့် စခန်းနဲ့ ဝေးတဲ့နေရာမှာ သွားရောက်ခိုလှုံနေကြတာလို့ ကဇူးဒေသခံတစ်ဦးက ပြောပါတယ်။
“နေလို့ကိုမရတော့ဘူး။ လူကိုတောင် ထိခိုက်မိတော့မလို့ပဲ။ အိမ်အနားတစ်ဝိုက်တွေမှာပဲ ဗုံးပေါက်ကွဲတာနဲ့၊ ဗုံးကျလာတာနဲ့။ ပြီးတော့ အိမ်နားက သားအမိနှစ်ယောက်ဆို လှေကားက ဆင်းလာတာ ထိဖို့နည်းနည်းပဲလိုတယ်တဲ့။ ဒီညနေ မိုးချုပ်လာတဲ့အချိန် ၆ နာရီလောက်ကတည်းက ထွက်ပြေးနေကြတာ။“လို့ ဒေသခံကဆိုပါတယ်။
ဒီညမှာတော့ စခန်းတစ်ဝိုက်ရှိ ဒေသခံတွေဟာ နေအိမ်ကိုမပြန်ရဲကြတော့တဲ့အတွက် တိုက်ပွဲဖြစ်နေတဲ့ စခန်းနဲ့ဝေးရာ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ နေအိမ်တွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဆက်လက်ပြောပါတယ်။
ဒါ့အပြင်ဒီကနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်လောက်ကလည်း ကဇူးကျေးရွာရှိ ဆမားဇုံနယ်အသင်းတော်ရုံးမှာ စစ်ရှောင်နေကြတဲ့ နမ်ဆန်ယန်ကျေးရွာက ပြည်သူ ၈ ဦးကိုလည်း ပြည်သူ့စစ်တွေကနေ ကားနဲ့လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် ကဇူးယန်ကျေးရွာက KBC အသင်းတော်ရဲ့ တာဝန်ရှိဆရာတွေက ကဇူးယန်စစ်ကောင်စီတပ်စခန်းမှာ သွားရောက်ပြောဆိုတာတွေရှိပြီး ပြည်သူ့စစ်ဘက်ကလည်း လွှတ်ပေးမယ်လို့ ပြောဆိုလာကြောင်းလည်း ဆိုပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာရှိတဲ့ ကဇူးကျေးရွာအထက်ဘက် ဒဘတ်ယန်၊ ဂျာပူနဲ့ မလိယန် စတဲ့ ဆမားလမ်းတစ်လျှောက်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဇူလိုင်လဆန်းလောက်ကတည်းက ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတစ်လျှောက်က ဒေသခံပြည်သူတွေဟာ မနှစ်ကပဲ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ရှောင်စခန်းကနေ နေရပ်ကို ပြန်လည်နေထိုင်နေကြတဲ့ စစ်ရှောင်ဒေသခံတွေ ဖြစ်ပါတယ်။







