တိုက်ပွဲများကြောင့် ဝှေခါဒေသခံ ၁,၆၀၀ ကျော် ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်ဘက်တိမ်းရှောင်

206

 

ဇန်နဝါရီ၊၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ၁,၆၀၀ ကျော်ဟာ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်ဘက်မှာ စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။

ဝှေခါကျေးရွာမှာ ကျန်ရှိတဲ့ ဒေသခံတချို့လည်း ဒီကနေ့ ဆိုင်းတောင်က ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ စစ်ရှောင်လာကြပြီး တချို့က ရွာထဲမှာ အိမ်စောင့်အဖြစ် နေခဲ့ကြတာတွေလည်း ရှိတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲဒီမှာ စစ်မြေပြင်ဖြစ်တဲ့အတွက် ဒေသခံတချို့ အိမ်စောင့်မယ့်သူတွေ၊ တာဝန်ရှိတဲ့ ရွာလူကြီးတွေနဲ့ မရှိမဖြစ်နေ ရှိရမဲ့သူတွေပဲ ကျန်တော့တယ်။ အများပိုင်းက ကလေးအမေတွေ အသက်ကြီးတဲ့သူတွေ အကုန်ရှောင်နေကြပြီလေ။” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဝှေခါကျေးရွာက စစ်ရှောင်လာကြတဲ့ ဒေသခံတွေဟာ မှော်ရှန်ဘုန်းကြီးကျောင်းမှာ ၆၀၀ ခန့် ၊ ဆိုင်းတောင်အောင်တော်မူဘုရားကုန်းမှာ ၂၀၀ ခန့်၊ စိန်မြသုခဘုန်းကြီးကျောင်းမှာ ၁၅၀ ခန့်၊ ဆွတ်ငိုင်ဘုရားကျောင်းမှာစစ်ရှောင် ၆၀၀ ခန့်၊ တာမခန်နတ်ရေတောင် ဘုန်းကြီးကျောင်းနဲ့ KBC ဘုရားကျောင်းမှာ ၁၅၀ ခန့် ခိုလှုံနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က ဝှေခါကျေးရွာကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး ဂျက်လေယာဉ်တွေလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ဘေးကင်းရာဘက်ကို တိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ နန့်တိန်းတပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီတပ်စခန်းကို KIA၊KPDFတို့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here