တိုက်ပွဲကြောင့် ကဇူးယန်ကျေးရွာတွင် တိမ်းရှောင်နေရသည့် နမ်ဆန်ယန်ဒေသခံများ အောင်မြေ(၁) ကျေးရွာသို့ ထပ်မံတိမ်းရှောင်ရ

224

 

အောက်တိုဘာ၊၃

ဝိုင်းမော်-လိုင်ဇာလမ်းမကြီးပေါ်က ကဇူးယန်ကျေးရွာ၊ ဆမားဇုံနယ်အသင်းတော်ရုံးမှာ ခိုလှုံနေကြတဲ့ နမ်ဆန်ယန်ကျေးရွာဒေသခံတွေဟာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းရွှေ့ခိုင်းတာကြောင့် အောင်မြေ(၁) ကျေးရွာကို ရွှေ့ပြောင်းခိုလှုံသွားကြပြီလို့ သိရပါတယ်။

နမ်ဆန်ယန်ကျေးရွာက တိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၁၈ စု အနေနဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာ အားလုံးပြောင်းရွှေ့သွားကြတာဖြစ်ပြီး သူတို့ရဲ့နေရာထိုင်ခင်းအတွက် ကဇူးယန်ကျေးရွာမရောက်ခင် ရွှေညောင်ပင်ကျေးရွာအနီးက အောင်မြေ (၁)ကျေးရွာမှာရှိတဲ့ KBC အသင်းတော်က လက်ခံဆောင်ရွက်ကူညီပေးတယ်လို့ နမ်ဆန်ယန်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဝန်ကြီးချုပ်ပြောင်းရွှေ့ခိုင်းတယ်လို့ ပြောတယ်။ ခရိုင်ကနေဦးဆောင်ပြီး ရွှေ့ကြတာဟုတ်တယ်။ “လို့ ဒေသခံက ဆိုပါတယ်။

ဂါးရာယန်ကျေးရွာ အလယ်တန်းကျောင်းနဲ့ ကဇူးယန်ကျေးရွာ မူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း အောင်မြေ (၁) ကျောင်းကို ပြောင်းရွှေပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကဇူးယန်ကျေးရွာနဲ့ ရွာအထက်ဘက် ဆမားလမ်းခွဲတစ်လျှောက် နေ့စဉ် ပစ်ခတ်မှုတွေရှိနေကြပြီး ကဇူးယန်ကျေးရွာ ဒေသခံတွေနဲ့ ဆမားလမ်းခွဲတစ်လျှောက်က ရွာသားတွေကတော့ ဆက်လက်နေထိုင်နေကြဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ ကဇူးယန်စခန်းမှာ ပစ်ခတ်မှုတွေရှိတဲ့ အချိန်တွေမှာတော့ အနီးအနားတစ်ဝိုက်က ဒေသခံတွေဟာ ခေတ္တတိမ်းရှောင်ခိုလှုံကြပြီး သေနတ်သံတွေငြိမ်သွားရင် မိမိနေအိမ်ကို ပြန်လာနေထိုင်ကြတယ်လို့လည်း ဆိုပါတယ်။

နမ်ဆန်ယန်ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပြည်နယ်အတွင်းမှာ ပထမဦးဆုံး နေရပ်ပြန်ခွင့်ရရှိခဲ့ကြတဲ့ ဒေသခံတွေဖြစ်ကြပြီး ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီကနေ နမ်ဆန်ယန်ကျေးရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒုတိယအကြိမ်အနေနဲ့ ကဇူးယန်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

ဝိုင်းမော် -လိုင်ဇာ လမ်းတစ်လျောက်မှာ ဇူလိုင်လ ပထမအပတ်ကတည်းက စစ်ကောင်စီက စစ်ကြောင်းတွေထိုးနေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ဒီကနေ့အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here