မေ၊၂၀
ဆန်ဈေးကြီးမြင့်တာနဲ့ ရရှိဖို့ခက်ခဲတာတွေကြောင့် ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာ စားစရာဆန် မရှိတဲ့အထိ ပြတ်လပ်ပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေ ရှိလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လမ်းပိုင်းပိတ်ကတည်းကစ ဆန်ဈေးတွေ တစ်ဖြည်းဖြည်း မြင့်တက်လာရာကနေ လက်ရှိမြင့်တက်နေတဲ့ ဈေးအနေအထားအရ ဝယ်ယူဖို့ မတတ်နိုင်တာကြောင့် အခက်ခဲကြုံနေရတာ ဖြစ်တယ်လို့ ပူတာအို မြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဆန်ပြတ်လပ်တာ နှစ်ပတ်လောက်ရှိလာပြီ ။ အဓိကတော့ ဆန်ဈေးက အဆမတန် မြင့်တက်လို့ပေါ့နော်။ အခုက ရှစ်ပြည်ပါ တစ်ပုံးကို အနည်းဆုံး တစ်သိန်းလောက်ရှိတော့ ဝင်ငွေနဲ့က ဘယ်လိုမှ ဆန်ဝယ်စားလို့ မရဘူးဖြစ်နေတယ်။“ လို့ ဆိုပါတယ်။
ဆန်ဈေးတွေ ကြီးမြင့်နေပေမဲ့ ပူတာအိုမြို့မှာ ဝယ်ယူဖို့ ဆန်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ နီးစပ်ရာ ကျေးရွာတွေဘက်က ဒေသခံတချို့ လာရောက် ရောင်းချတဲ့ဆီကနေ နည်းနည်းပါးပါး ဝယ်ယူရရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကျပ်တစ်သောင်းဖိုး နို့ဆီဘူး ၆ ခွက်လောက်သာ ရတာဖြစ်တဲ့အတွက် ငွေကြေးခက်ခဲပြီး အိမ်သားများတဲ့ မိသားစုတွေဆိုရင် ဆန်ပြတ်လပ်ပြီး အခက်ခဲများစွာ ကြုံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
တခြားသော ကုန်စည်ပစ္စည်းတွေ ပြတ်လပ်နေတာက ခံသာပေမဲ့ မရှိမဖြစ် အရေးကြီးတဲ့ ဆန်ပြတ်လပ်နေတာက ပိုပြီးအခက်အခဲကြုံရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ဆန်က ဝယ်ဖို့မရှိတာလည်းပါတယ်။ ဆန်ဝယ်ဖို့ ပိုက်ဆံပြတ်လပ်တဲ့သူတွေလည်း များတယ်။ အဓိကတော့ ဝယ်ဖို့မရှိဘူး။ ဝယ်ဖို့ အရမ်းရှားတယ်။ဓာတ်ဆီတို့ မရှိတာ ကိစ္စမရှိပေမဲ့ ဆန်မရှိတာတော့ တော်တော်ခက်ခဲတယ်။“ လို့ ဒေသခံက အခက်အခဲကို ရှင်းပြပါတယ်။
ပူတာအိုမြို့ပေါ်က ဒေသခံအများစုဟာ တင်သွင်းဆန်တွေကို အဓိက အားထားကြတာဖြစ်ပြီး လမ်းပိုင်းပိတ်တဲ့ အစောပိုင်းကတည်းကနေ ပူတာအိုမြို့ပေါ်မှာ ဆန်တွေ ပြတ်လပ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဆန်ပြတ်လပ်ပြီးခက်ခဲနေတဲ့ မိသားစု ရာပိုင်းရှိနေပြီး ဒီကနေ့မှာပဲ မြို့ပေါ်ရပ်ကွက်က တကယ်လိုအပ်နေတဲ့ အိမ်ထောင်စု ၅၀၀ ကျော်ကို အလှူရှင်တွေ အကူအညီနဲ့ ကိုဆန်လုရမ်ဆိန်း တို့ကနေ ဆန်တချို့ လာရောက်ကူညီပေးတာရှိတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
လမ်းပိုင်းပိတ်နေတာ နှစ်လကျော်လာတဲ့နောက်ပိုင်းမှာတော့ ပူတာအိုမြို့မှာ ဓာတ်ဆီ တစ်လီတာမပြည့်တဲ့ ပုလင်းသေးတစ်ပုလင်းကို ကျပ်တစ်သိန်းအထိ ဈေးပေါက်နေပြီး ဆန်တစ်အိတ်လည်း ကျပ်သုံးသိန်းနဲ့အထက် ဈေးရှိနေတယ်လို့ သိရပါတယ်။
မြစ်ကြီးနား- ပူတာအို ကားလမ်းပိုင်းဟာ တိုက်ပွဲကြောင့် မတ်လ ၉ ရက်နေ့ ကတည်းကနေ ပိတ်ပင်သွားတာဖြစ်ပြီး အဲဒီနောက်ပိုင်း ကားလမ်းပိုင်းကနေ ကုန်စည် အဝင်မရှိတော့တဲ့ ပူတာအိုဒေသမှာ စားဝတ်နေရေး၊ ကျန်းမာရေး ၊ သွားရေးလာရေး၊ လုပ်ကိုင်စားသောက်ရေး စသဖြင့် အစစအရာရာ ခက်ခဲနှောင့်နှေးမှုတွေရှိနေတာကြောင့် လမ်းပိုင်းဖွင့်ဖို့ မျှော်လင့်နေကြပါတယ်။







