နိုဝင်ဘာ၊၂၈
ကချင်ပြည်နယ်၊ ဟူးကောင်းလီဒိုလမ်းပေါ်က ရွာလေးရွာလောက်မှာ နိုင်ငံရေးအခြေအနေကြောင့် အရင်နှစ်ကလို စပါးရိတ်ခြွေစက် ဝင်ရောက်မှုမရှိတော့တဲ့အတွက် စပါးပင်ရိတ်သိမ်းမှု အချိန်မီမပြီးစီးမှာကို ဒေသခံတောင်သူတွေ စိုးရိမ်နေကြပါတယ်။
အရင်နှစ်တွေက ဒွမ်ပန်၊ မန်ပန်၊ နောင်းမီ၊ ဝါရာဇွပ်ကျေးရွာတွေဘက် စပါးရိတ်ခြွေစက် ၁၀ စီးနဲ့အထက် ဝင်ရောက်မှုရှိပေမဲ့ လမ်းခရီးတစ်လျှောက် စစ်ကောင်စီဂိတ် (၄)ခုလောက်မှာ ဂိတ်ကြေးတွေ (၇)သိန်းထက်မနည်း ပေးဆောင်ရတာကြောင့် ဒီနှစ်မှာတော့ ဒွမ်ဘန်ကျေးရွာဘက် ငါးစီးလောက်သာ ရောက်ရှိတော့တယ်လို့ ဒွမ်ဘန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“မရောက်တာတော့ မဟုတ်ဘူး။ စက်ရောက်တာ နည်းသွားတယ်။ လမ်းတွေပိတ်၊ စစ်ရေးအခြေအနေကြောင့် ကြောက်ရလို့ပေါ့။ ဂိတ်တွေလည်း များတော့” လို့ ဒေသခံက ဆိုပါတယ်။
အင်းတော်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းမြို့တွေလို နေရာတွေက တက်လာတဲ့ စပါးရိတ်ခြွေစက်တွေဟာ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေတွေကြောင့် အထက်ပါ ကျေးရွာတွေဘက် မလာရဲကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကျေးရွာတွေဘက်မှာ နိုဝင်ဘာလဆန်းကနေ ဒီဇင်ဘာလလယ်အပြီး စပါး ရိတ်သိမ်းကြပေမဲ့ အခုနှစ်မှာတော့ လက်ရှိအခြေအနေမှာ ပုံမှန်ထက် သုံးပုံတစ်ပုံလောက်သာ ပြီးစီးတဲ့ အနေအထားရှိနေတယ်လို့ အထက်ပါ ဒွမ်ဘန်ဒေသခံက ဆက်လက်ပြောပါတယ်။
” စိုးရိမ်ရတာက စပါးမှည့်လွန်သွားမှာ စိုးရိမ်ရတယ်။ ခြံစည်းရိုးခတ်ထားတာလည်း ဆွေးလာပြီ မြန်မြန် မပြီးရင်တော့ နွားတွေဝင်မှာလည်း ကြောက်ရပြီ ။ စက်ကိုပဲ အားကိုးပြီး လုပ်ထားတော့ စက်မလာရင် ဒုက္ခရောက်ရတာပေါ့”လို့ ဒေသခံက ပြောပါတယ်။
ရိတ်ခြွေစက်နဲ့ရိတ်ရင် တစ်ဧကကို အရင်က ၈ သောင်းပေးရာကနေ ဒီနှစ်မှာတော့ အပြီးအစီး တစ်သိန်းသုံးသောင်းကနေ တစ်သိန်းငါးသောင်းအထိ ဈေးမြင့်တက်သွားတယ်လို့ သိရပါတယ်။
အထက်ပါ ကျေးရွာအားလုံးမှာ လယ်ဧကသောင်းချီရှိပြီး အခုလို စပါးရိတ်ခြွေစက်တွေ အရောက်နည်းသွားတဲ့အတွက် လူအင်အားဖြည့်ပြီး ပြန်လည်လုပ်ဆောင်နေရတယ်လို့လည်း နောင်းမီဒေသခံပြည်သူတစ်ဦးက အခုလို ပြောပါတယ်။
“စပါးရိတ်ချိန်ကလည်းရောက်နေတော့ အရမ်းခက်နေကြတယ်။ လူခေါပြီး ရိတ်မယ်ဆိုရင်လည်း မနိုင်ဘူး။ ကုန်ကျစရိတ်လည်း အရမ်းများတယ်။ ဧကက သောင်းနဲ့ ချီဆိုတော့”လို့ နောင်းမီဒေသခံက ပြောပါတယ်။
စပါးရိတ်ခြွေစက်တွေ ဝင်ရောက်မှုနည်းတဲ့အတွက် လက်ရှိအချိန်မှာတော့ လူတစ်ဦးကို လုပ်အားခ တစ်သောင်းကျပ်(စားရိတ်ငြိမ်း) နေ့စားခေါ်ပြီး လူအင်အားနဲ့ စပါးရိတ်သိမ်းနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။







