စက်တင်ဘာ၊၁၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင်အထွက် ကားလမ်းတွေပိတ်ထားတာကြောင့် ကုန်တွေမဝင်တာ လနဲ့ချီကြာနေပြီဖြစ်ပြီး မြို့အတွင်း ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်နေသလို ကုန်စုံဆိုင်တချို့လည်း ပိတ်ထားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံဘက်ကတင်သွင်းတဲ့ စားသောက်ကုန်တွေနဲ့ အခြားလူသုံးကုန်တွေကို အဓိကအားထားနေရတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
“မန္တလေးဘက်ကတော့ လေယာဉ်နဲ့ နည်းနည်းပါးပါး သယ်ကြတယ်တဲ့။ ပြီးတော့ တရုတ်ဘက်က များသောအားဖြင့်ဝင်တယ်။“လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကြက်သွန်နီတစ်ပိဿာ ၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ကြက်ဥတစ်လုံး ၁,၂၀၀ ကျပ်၊ ပဲဆီ(ပြည့်ဝ)တစ်ပိဿာ ကျပ်၂၅,၀၀၀ ဝန်းကျင်၊ ဓာတ်ဆီတစ်လီတာ ကျပ် ၁၃,၀၀၀ နဲ့ ၁၅,၀၀၀ ဝန်းကျင်၊ ဘိလပ်မြေတစ်အိတ် ၃၀,၀၀၀ ကျပ်ဝန်းကျင်၊ အဖြေကျော်လျက်ဆားဘူးကြီး ကျပ် ၃,၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး ဒီကုန်ဈေးနှုန်းတွေဟာ အရင်ကထက် နှစ်ဆ၊ သုံးဆလောက် တက်သွားတာဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။
မြို့အတွင်းမှာ ကုန်ကားတွေမဝင်တာကြောင့် ပစ္စည်းပြတ်တာတွေ ရှိနေတဲ့အပြင် တချို့ ဈေးဆိုင်တွေဆိုရင် ရောင်းစရာကုန်မရှိတာကြောင့် ပိတ်ထားရပြီး မြို့အတွင်းမှာလည်း သွားလာသူတွေ နည်းပါးတယ်လို့ နောက်ထပ်ဗန်းမော်ဒေသခံတစ်ဦးဆီက ကြားသိရပါတယ်။
အသားငါးတွေလည်း တခြားဒေသက ဝင်တာမရှိဘဲ ဒေသထွက်ငါးတွေပဲ ရောင်းချနေကြသလို အရင်တုန်းကလို အသားတန်းမှာ စုံစုံလင်လင်မရှိဘူးလို့လည်း ဆိုပါတယ်။
တချို့ဆေးဝါးတွေလည်း ဆေးရုံအတွင်းမှာသာမက မြို့အတွင်းကဆေးဆိုင်တွေမှာပါ ပြတ်လပ်မှုတွေရှိတဲ့အတွက် ပြည်သူတွေဟာ ခက်ခဲမှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။
လေယာဉ်လက်မှတ်ခက မန္တလေး- ဗန်းမော်ဆိုရင် ၃၂၀,၀၀၀ ကျပ်ရှိပြီး ဗန်းမော်- မန္တလေးဆိုရင် ၄၂၀,၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် MPT ဖုန်းလိုင်းကတော့ MPT ရုံး၊ နာရီစင်၊ ဆေးရုံကြီးနဲ့ သူနာပြုကျောင်းစတဲ့ နေရာတွေမှာ ရရှိပေမဲ့ လာရောက်ဖုန်းခေါ်ဆိုသူတွေ များတဲ့အတွက် ဖုန်းပြောရသိပ်အဆင်မပြေဘူးလို့လည်း သိရပြီး Ooredo၀ နဲ့ Atom ဖုန်းလိုင်းတွေကတော့ အခုချိန်ထိ မရရှိသေးဘူးလို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ KIA / PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင်လ ဒုတိယပတ်လောက်ကတည်းက မန္တလေး- ဗန်းမော်လမ်းပိတ်သွားခဲ့တာဖြစ်ပြီး ကုန်ပစ္စည်းတွေ မဝင်တော့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းနဲ့အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် မြို့တော်မြစ်ကြီးနားအပါအဝင် မြို့နယ်အများစုမှာ ဆက်သွယ်ရေးခက်ခဲနေတာပါ။







