အောက်တိုဘာ၊၃၁
၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော် အလင်းဝင်ရောက်လာခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ အင်အား ၅၀ လောက်ရှိတဲ့ တပ်စခန်းကို ၂ နာရီအတွင်း တိုက်ခိုက်ချေမှုန်းတဲ့အချိန် အချိန်မီအညံ့ခဲ့တာကြောင့် တစ်ယောက်မကျန် အသက်ချမ်းသာပေးခဲ့ပြီး ဘေးကင်းလုံခြုံအောင် နေရာချထားပေးခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ဆင်ရေးစတင်တဲ့ အချိန်ကစပြီး အသက်မသေလိုတဲ့အပြင် မိသားစုနဲ့ ပေါင်းစည်းလိုတာကြောင့် စစ်ကောင်စီတပ်သား ၁၀၀ ကျော် အလင်းဝင်ရောက်လာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ဆင်ရေး ၅ ရက်တာကာလအတွင်း စစ်ကောင်စီရဲ့ စခန်းကြီးစခန်းငယ် စစ်ဖက်ဆိုင်ရာ တပ်စခန်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအမြာက်အမြား သေဆုံးဒဏ်ရာရရှိပြီးတော့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆာင်တွေကို သိမ်းဆည်းရရှိထားကြောင်းလည်း ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောဆို ထားပါတယ်။
ညီနောင်သုံးဖွဲ့အနေနဲ့ စစ်ရေးရည်မှန်းချက်ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်မှာ ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေ အနေနဲ့ လက်နက်အပ်တာဖြစ်စေ၊ အလင်းဝင်ရောက်တာဖြစ်စေ အမြန်ဆုံးဆက်သွယ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
အလင်းဝင်ရောက်လာသူတွေကို အသက်အန္တရာယ်အာမခံပေးမယ့်အပြင် ညဉ်းပန်းနှိပ်စက်တာနဲ့ ဖမ်းဆီးချုပ်နှောင်တာတွေ မပြုလုပ်ဘူးလို့လည်း အာမခံထားပြီး ခရီးသွားလာရာမှာ ခရီးလမ်းစရိတ်တွေကိုပါ အတတ်နိုင်ဆုံး ကူညီသွားမယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် မကျန်းမာသူတွေကိုလည်း ကျန်းမာရေးဝန်ဆောင်မှုတွေတွေ အတတ်နိုင်ဆုံးပေးအပ်သွားမှာဖြစ်ပြီး မိသားစုဆွေးမျိုးတွေနဲ့ အမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်အောင် ကူညီပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
AA၊ MNDAA၊ TNLA ညီနောင်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မနက် ၄ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။







