မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က KIA ရဲ့ ထိုးစစ်တွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန် တန်ပြန်ခုခံ

287

 

မတ်၊၉

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ်တွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန် တန်ပြန်ခုခံတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

KIA ကနေ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်နဲ့ လိုင်ဇာမြို့အနီးက စစ်ကောင်စီ စခန်းတွေကိုမတ်လ ၇ ရက်ကနေ ဒီကနေ့အထိ တစ်ပြိုင်နက် ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဘက် စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေ ဆီကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးတစ်ဝိုက်က စစ်ကောင်စီအထိုင်တပ်စခန်းကြီးတွေ ဖြစ်တဲ့ ဘွမ်ရေတောင်(Bumre bum)နဲ့ ခယာတောင်(Hkaya Bum)တပ်စခန်းကြီး အနီးအနားတွေမှာတော့ ဒီကနေ့မနက် ၈နာရီကနေ စပြီး နှစ်ဖက်တပ်တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတယ်လို့ သိရပါတယ်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ ဘွမ်ရေတောင်နဲ့ ခယာတောင် အနီးအနားတစ်ဝိုက်ကို ဒီကနေ့ မနက် ၁၁ နာရီလောက်မှာက စစ်ကောင်စီတပ်ကနေ ဂျက်ဖိုက်တာ လေယာဉ် သုံးစင်းနဲ့ ငါးကြိမ်လောက် လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် ၁၁ နာရီကျော်လောက်မှာလည်း သုံးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ လိုင်ဇာဒေသပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဒီမနက် နာရီကနေ လက်နက်ကြီး/ငယ်အသံတွေ ကြားလာတယ်။ ခယာဘွမ်နဲ့ ဘွမ်ရေဘွမ် တစ်ကြောတိုက်ပွဲပြင်းထန်နေတာ။ ကင်းထောက်လေယာဉ်တစ်စင်းလည်း ဒီမနက် ၁၀ နာရီကနေ ပျံနေတယ် အခုအထိပဲ။ တိုက်ပွဲအခြေအနေကတော့ ပြင်းထန်နေဆဲပဲလို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က အောင်မြေ ၂ ကျေးရွာမှာလည်း ၁၁ နာရီလောက်မှာ စစ်ကောင်စီဘက်က လေယာဉ်တစ်စင်းနဲ့ ၁၀ ကြိမ်ထက်နည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ အောင်မြေ ၂ ကျေးရွာ ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

ခေါင်းပေါ်ကနေကို လေယာဉ် ဖြတ်သွားတာ။ လေယာဉ်နဲ့ လာပစ်နေကြတယ်။ ၁၀ ချက်ထက်မနည်း ပစ်ပြီး ပြန်သွားပြီ။ ခုထိလည်း ထမင်းမစားရသေးဘူး။ အိမ်အချို့ မီးလောင်နေပြီ။ တစ်ချို့ အိမ်တွေ လက်နက်ကြီးထိတာတွေ ရှိနေပြီ။ အပြင်ထွက်လို့ မရသေးတော့ ဘယ်သူ့အိမ်တွေဆိုတာ အတိအကျ မသိရသေးဘူး။ လူတော့ ထိတယ်ဆိုတာ မကြားရသေးဘူးလို့ ဆိုပါတယ်။

ဒီကနေ့မနက် ၅ နာရီလောက်ကနေ စတင်ဖြစ်ပွားလာတဲ့ အထက်ပါ အောင်မြေ ၂ ကျေးရွာအတွင်းက နှစ်ဖက်တပ် တိုက်ပွဲဟာ လက်ရှိအချိန်အထိ ပြင်းထန်နေဆဲ ဖြစ်ပြီး ဒေသခံ အယောက် ၆၀၀ လောက်ကတာ့ ရွာအတွင်းမှာပဲ ပိတ်မိနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လိုင်ဇာမြို့အနီးက လဂျားယန်၊ လဝါးယန်ဘက်က စစ်ကောင်စီတပ်စခန်းဘက်မျာလည်း ဒီကနေ့မနက် ၇ နာရီကနေ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIAဘက်က စခန်းသိမ်းနိုင်ပြီလို့ ကနဦး သတင်းရရှိပေမဲ့ အသေးစိတ် မသိရှိရသေးဘူးလို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ နှစ်ဖက်တပ်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ ဖြစ်တဲ့ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ဖွန်းပျန်တောင် (Hpun hpyen bum)၊ နမ်ဖတ်ချောင်းတံတားဂိတ်စခန်း(Nam Hpak Hka Mahkrai post)၊ မလိတပ်စခန်းကြီးအပြင် ဘွမ်ရေတောင်(Bumre bum)နဲ့ ခယာတောင်(Hkaya Bum)တပ်စခန်းကြီး အနီးအနားက ရှေ့တန်းကာကင်းစခန်းငယ်တွေ စုစုပေါင်း စခန်းကြီး/ငယ် ၁၀ ခုကျော်လောက်ကို KIAကနေ သိမ်းပိုက်ထားနိုင်ပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း စစ်တပ်အထိုင်တပ်စခန်းကြီး ခယာတောင်ကို သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်ကောင်စီက Y-12 လေယာဉ်အမျိုးအစားနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

မနေ့ကလည်း မြစ်ကြီးနား-ဆွပ်ပရာဘွမ်လမ်းပေါ်က မလိယန်စစ်ကောင်စီတပ်စခန်းကိုလည်း KIA ကနေ တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် နှစ်စပိုင်းကတည်းကနေ KIA က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတာကို တွေ့ရပြီး အခု မတ်လ ၇ ရက်နေ့မှာတော့ တစ်ပြိုင်နက်ထိုးစစ်တွေ ပြုလုပ်လာတာပါ။

ဆက်လက်ပြီးလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်သေးတဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ရေးသတိရှိကြဖို့၊ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်ကြဖို့နဲ့ အစားအသောက်တွေ အသင့်ပြင်ထားကြဖို့လည်း ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here