ပြီးခဲ့တဲ့ ၂၀၂၃ တစ်နှစ်တာကာလအတွင်း KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွား၊ သုံးနှစ်အတွင်း တိုက်ပွဲပေါင်း ၁,၇၀၀ နီးပါးရှိ

204

 

ဇန်နဝါရီ၊၂၂

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်းကြီး/ငယ် ၂၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၅၆၃ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်းကြီး/ငယ်ပေါင်း ၂၃ ခု သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ကနေ မိမိသဘောနဲ့ တပ်ဆုတ်သွားတဲ့ စခန်း ၈ ခုလောက်ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“၂၀၂၃ ခုနှစ်မှာ KIAနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၅၆၃ ကြိမ် ဟုတ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပစ်ခတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းကြီး/ငယ် ၂၃ ခု၊ သူတို့ဟာသူတို့ တပ်ဆုတ်သွားတဲ့ စခန်းက ၈ ခုရှိတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ အာဏာရှင်စနစ်ကျရှုံးအောင် လက်နက်ကိုင်တိုက်ပွဲကို အားစိုက်တိုက်ခိုက်နေတဲ့အတွက် နေရာအနှံ့တိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ကိုလည်း ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောကြားပါတယ်။

“အခုအချိန်က ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အားလုံးကလည်း အာဏာရှင်စနစ် ကျရှုံးသွားအောင် လက်နက်ကိုင်တဲ့ တိုက်ပွဲကို အားစိုက်တိုက်ခိုက်နေတဲ့အတွက် နေရာအနှံ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သတိထားရမယ်။ စစ်ရေးအခြေအနေ သတင်းတွေကို နားစွင့်ဖို့လည်း အရေးကြီးပါတယ်” လို့ ဆိုပါတယ်။

ဒီနှစ် ၂၀၂၄ ဇန်နဝါရီလ နှစ်ဆန်းပိုင်းကနေ စပြီး နှစ်ဖက်တပ် စစ်ရေးအခြေအနေတွေ တင်းမာနေပြီး KIA ဘက်ကနေလည်း ထိုးစစ်ဆင်တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတဲ့အပြင် လက်ရှိအချိန် ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဘက်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၆၂၁ ကြိမ်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၅၀၄ ကြိမ် ရှိခဲ့တာကြောင့် ၂ နှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁,၁၂၅ ကြိမ်ရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here