ဖေဖော်ဝါရီ၊၂၀
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်မှာရှိတဲ့ ကဇူးယန်ကျေးရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို အောင်မြေ(၁)ကျေးရွာက စစ်ရှောင်စခန်းမှာပြောင်းရွှေ့ပေးဖို့ လုပ်ဆောင်နေကြပြီလို့ သိရပါတယ်။
ရွာအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ KIA တပ်ဖွဲ့တွေ တိုက်ပွဲမကြာခဏဆိုသလို ဖြစ်ပွားနေတဲ့တွက် တိုက်ပွဲမပြင်းထန်ခင် ပြောင်းရွှေ့ဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကလေးတွေ၊ အသက်ကြီးရွယ်အိုတွေကို အဲဒီဘက် ပြောင်းရွှေ့ကြဖို့ ရည်ရွယ်ထားတယ်။ အဲဒီကိုပြောင်းရွှေ့ဖို့ သဘောတူတဲ့သူတွေ ပြောင်းဖို့ ပြောထားတယ်။ အတင်းအဓမ္မတော့ မလုပ်ဘူး။ ဒီအပတ်အတွင်း ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားပါတယ်။“လို့ ဒေသခံက ဆိုပါတယ်။
ပြောင်းရွှေ့ရေးကို ဆမားဇုန်နယ်အဖွဲ့ကနေ ဦးဆောင်ပြုလုပ် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုပြောင်းရွှေ့ဖို့လုပ်တဲ့ အောင်မြေ(၁) စစ်ရှောင်စခန်းမှာလည်း ရေလုံလောက်မှုမရှိတဲ့အတွက် အရင်ရောက်နေကြတဲ့ ရွှေညောင်ပင်စစ်ရှောင်တွေ အခက်အခဲကြုံနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် သက်ကြီးရွယ်အိုတွေထဲမှာ ခြေလက်မသန်စွမ်းသူတွေလည်း ပါတဲ့အတွက် သွားနေတဲ့အချိန် လွတ်လွတ်လပ်လပ်မနေရဘဲ အားနာစရာတွေဖြစ်မှာကို စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။
အခုရက်ပိုင်းမှာတော့ တိုက်ပွဲတွေ နေ့တိုင်းမဖြစ်ပေမဲ့ စစ်ကောင်စီကနေ စစ်ကြောင်းထိုးတာရှိရင်တော့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်တိုင်း ရွာထဲကို လက်နက်ကြီးတွေ ကျတာတွေရှိတဲ့အတွက် စိုးရိမ်ရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ကဇူးယန်ကျေးရွာအနီးက ဆမားလမ်းခွဲကို မကျော်နိုင်သေးဘဲ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ကဇူးယန်ဒေသခံတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားတဲ့အချိန် ၁၀ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လပိုင်းကမှ နေရပ်ကို ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။
အထက်ပါကျေးရွာဟာ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး အဲဒီလမ်းတစ်လျောက်က ကျေးရွာတွေကတော့ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ-၂ ရွှေညောင်ပင်- ဂါးရာယန်-ကဇူးယန်- ဒဘတ်ယန်(ဆမားလမ်းခွဲ) – ဂျာပူ- ကန်တော်ယန်- နန်ဆန်ယန် ကျေးရွာတွေ ဖြစ်ပြီးတော့ KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာ အနီးမှာ တည်ရှိတာဖြစ်ပါတယ်။







