စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက် စက်ရုံအလုပ်သမားတွေ စိုးရိမ်တကြီးနေထိုင်နေရ

183

ဖေဖော်ဝါရီ၊၁၅

စစ်ကောင်စီ ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက် စက်ရုံအလုပ်သမားတွေအနေနဲ့ စိုးရိမ်တကြီးနေထိုင်နေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ Biometric Enrollment Application Form တွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက အလုပ်သမားတွေဆီကနေ စာရင်းကောက်ခံတာတွေ လုပ်ဆောင်ခဲ့သလို အခုထိလည်း ဆက်လက်လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) ဗဟိုကော်မတီဝင် မကြည်ကြည်ထွန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး အသံထွက်ကတည်းက စာရင်းကောက်တာ စဖြစ်တာ။ စစ်မှုထမ်းဖို့နဲ့ မသက်ဆိုင်ဘူးလားဆိုတာလဲ ပြောလို့မရဘူး။ ကုန်ကုန်ပြောရရင် တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်တယ်လို့ မြင်တယ်။ စမတ်ကတ်(Smart Card)သေချာလုပ်ပေးပြီးတော့ ဘယ်သူတွေက မဲထည့်လိုရတယ်။ စစ်မှုထမ်းလို့ရတယ်ဆိုတာ ကြည့်လို့ရတယ်။ ဆိုတော့ မဆိုင်ဘူးလို့တော့ ပြောလို့မရဘူးလို့ မြင်တယ် ။” လို့ မကြည်ကြည်ထွန်းက မြစ်ကြီးနာသတင်းဂျာနယ်ကို ပြောပါတယ် ။

လတ်တလော ရန်ကုန်နဲ့ ဧရာဝတီတိုင်းက စက်ရုံအလုပ်သမားတွေရဲ့စာရင်း ကောက်ခံနေတာတွေ လုပ်ဆောင်နေပြီး အလုပ်သမားတွေနဲ့ မိဘတွေက စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြတာပါ။

“စိုးရိမ်နေပေမဲ့ အလုပ်ကတော့ သွားနေရတယ်။ စားဝတ်နေရေးရှိသေးတယ်။ အခုကစာရင်းလည်း ကောက်ခံထားရတယ်။ စက်ရုံကိုလာခေါ်မလားဆိုပြီးတော့ ကြောက်နေရတာ။ ယောင်္ကျားလေးတွေက ပိုကြောက်နေကြတာ။အချိန်ပိုမဆင်းရဲဘူး။ အခု ညဖက်အိမ်ပြန်နောက်ရင် ပေါ်တာဆွဲခံရမလားလည်း ကြောက်နေရတယ်။” လို့ လှိုင်သာယာစက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမား မဖြူဖြူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုနှစ်သင်္ကြန်အပြီးမှာ စစ်မှုထမ်းပထမအသုတ်ကို စခေါ်မယ်လို့ ပြောဆိုထားပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ရက်စွဲနဲ့ စိစစ်ရွေးချယ်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးသွားပါပြီ။

ဒီဥပဒေထုတ်ပြန်ပြီးနောက် လူငယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီဝင်ဖို့ စာရင်းပေးတာတွေလည်း ရှိနေသလို တော်လှန်ရေးအင်အားစုတွေ ဘက်မှာလည်း လူသစ်ခေါ်တဲ့အဖွဲ့တွေ ရှိလာနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here