မိုးကောင်းမြို့တွင် စစ်ကောင်စီကားပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးခံရသူများ၏ အခြေအနေအား သေချာမသိရှိခြင်းကြောင့် မိသားစုဝင်များစိုးရိမ်နေ

296

စက်တင်ဘာ၊၂၈

မိုးကောင်းမြို့မှာ စစ်ကောင်စီကားပစ်ခတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ သေချာမသိရှိရတာ ကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

လွန်ခဲ့တဲ့လကတည်းကနေ ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့သူတွေထဲက အနည်းအကျဉ်းလောက်ပဲ အချုပ်ထောင်ရောက် ရုံးထုတ်ရမန်ယူတာမျိုးရှိပေမဲ့ အများစုကတော့ ဘယ်နေရာမှာ ရှိနေမှန်းတောင် သေချာမသိရဘူးလို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ရုံးထုတ်ရမန်ယူတာကလည်း အနည်းအကျဉ်းလောက်ပဲရှိသေးတယ်။ သိရသလောက်ကတော့ သိပ်မများသေးဘူး။ ကျန်တာတော့ စစ်ကြောရေးမှာပဲရှိသေးတယ်။ လို့ဆိုပါတယ်။

စစ်ကောင်စီကား ပစ်ခ်နတ်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း မိုးကောင်းမြို့မှာ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၇၀ လောက်ရှိပြီဖြစ်ပြီး မြေပြင်မှာ အဲဒီထက် ပိုများနိုင်သလို ပြန်လွတ်လာတဲ့သူ ၁၀ ယောက်ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး အကြောင်းတစ်စုံရာ မသိရသလို လိုအပ်တဲ့ ပစ္စည်းတွေပို့ပေးချင်ပေမဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်းတောင် မသိရတဲ့ အခြေအနေဖြစ်နေတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။

သူတို့ လိုအပ်တဲ့ပစ္စည်းလေးတွေ ပေးချင်တယ်ဆိုပေမဲ့ သူတို့က ဘယ်နေရာမှာ ဖမ်းထားတယ် ဆိုတာမပြောဘူးလေ။ မိသားစုအနေနဲ့ကတော့ အမျိုးမျိုးစိုးရိမ်တာပေါ့။လို့ ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ‌တော့ မိုးကောင်းမြို့ပေါ်မှာ စစ်ကောင်စီက လိုက်လံဖမ်းဆီးတာမျိုးတွေ မရှိပေမဲ့ တံတားထိပ်တွေနဲ့ မြို့ဝင်မြို့ထွက်နေရာတွေမှာတော့ အလျဉ်းသင့်ရင် သင့်သလို စစ်ဆေးမေးမြန်းတာတွေတော့ ရှိတယ်လို့ သိရပါတယ်။

မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်မှာ ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုတဲ့ စစ်ကောင်စီကားပစ်ခတ်ခံရပြီး တပ်သား ၂ ဦးသေဆုံးသွားတဲ့နောက် မိုးကောင်းမြို့တွင်းမှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာဖြစ်ပြီးတော့ ဖမ်းဆီးခံရတဲ့ သူတွေထဲက စစ်ကြောရေးမှာ သေဆုံးသွားတဲ့သူ ၂ ဦးလည်း ရှိခဲ့ပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here