စပါးခင်းများတွင် ရွှေခရုလုံး(Hkoi Bu) များ ပြန့်ပွားနေခြင်းကြောင့် လယ်သမားများ စိုးရိမ်နေ

451

 

စက်တင်ဘာ၊၉

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာကနေ ဆိုင်ကယ်နဲ့မိနစ်သုံးဆယ်ဝန်းကျင်သွားရတဲ့ ခဝမ်ဒုန့်၊ အူရုခူးဘက်က လယ်တွေမှာ ရွှေခရုလုံး(Hkoi Bu)တွေပြန့်ပွားနေပြီး စိုက်ပျိုးပြီးစီးထားတဲ့ စပါးပင်တွေကို ကိုက်ဖြတ်ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

မိုးရာသီအစ စပါးပျိုးချိန် ဇွန်လလောက်ကစပြီး တစ်လက်မနဲ့ လက်မဝက်နီးပါးအရွယ်ရှိတဲ့ ခရုလုံးတွေဟာ ဥပေါက်ပြီး လယ်တွေထဲပြန့်ပွားစပြုလာတယ်လို့သိရပြီး လက်ရှိ ခဝမ်ဒုန့်ကျေးရွာ အောက်ဘက်ပိုင်းတွေမှာ ပိုတွေ့နေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

သားဥပေါက်ချိန်ကစပြီး စပါးပင်အရွက်နုတွေကို ကိုက်ဖြတ်လေ့ရှိတဲ့အတွက် စပါးအထွက်နှုန်းဟာ နဂိုမူလရရှိတဲ့ပမာဏထက် လျော့နည်းတတ်တာကြောင့် အခုနှစ်မှာလည်း လယ်သမားတွေ အထွက်နှုန်းလျော့မှာကို စိုးရိမ်နေကြတာပါ။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက နောင်းချိန်းကျေးရွာအတွင်း ခရုကျတာတွေ စတင်ဖြစ်ပွားလာတာဖြစ်ပြီး အခုနှစ်မှာလည်း တစ်ဖန်ပြန်ဖြစ်လာနေတယ်လို့ နောင်းချိန်းရွာခံ လယ်သမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ သုံးနှစ်ကတည်းက လမ်းမှာ တွေ့မိတာကနေ ပွားလာတာ။ စပါးပင်ကို စားကြတာ။ အရင် နောင်းချိန်းမှာ မြေဩဇာလည်း ဖြန်းစရာမလိုဘူး၊ ဘာပိုးသတ်ဆေးမှလည်း မသုံးဘူး။ အခု လယ်သမားတွေက ပိုးသတ်ဆေးတွေ၊ ခရုသတ်ဆေးတွေ အမျိုးမျိုး ကိုင်လာကြရတယ်”လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပိုးသတ်ဆေးတတွေဖျန်းဖို့ အထုပ်သေးတစ်ထုပ်ကို ပျှမ်းမျှ ကျပ်တစ်သောင်းကျော်လောက် ပေးဝယ်ရပြီး ခရုကျနေတဲ့ လယ်တစ်ဧကကို ပိုးသတ်ဆေး သုံးထုပ်ကနေ လေးထုပ်အထိ ဖျန်းရတာကြောင့် ငွေရေးကြေးရေးခက်ခဲနေတဲ့ လယ်သမားတွေအတွက် မလွယ်ကူဘူးလို့လည်း အထက်ပါလယ်သမားက ပြောပါတယ်။

“တချို့ပိုးသတ်ဆေးသုံးပြီး ကြိုးစားလုပ်နေတယ်။ ခုက ဥတွေ အရမ်းဥနေတယ်။ ပွားနေတယ်။ အခုက တတ်နိုင်သလောက် စပါးပင်တွေ ပျိုးထွက်တဲ့အချိန် ပိုစားတဲ့အခါကျတော့ ရသလောက် ဖျန်းတယ်။ ဆက်ပြီး ဖျန်းဖို့လည်း တတ်နိုင်သလို ကြည့်ရှုစောင့်ရှောက်နေတယ်”လို့ ဆိုပါတယ်။

လက်ရှိ အဲဒီဘက်က လယ်ဧက ၂၀၀ လောက်မှာ ခရုလုံးတွေ ပြန့်ပွားလာနေတယ်လို့သိရပြီး ပြန့်ပွားနေတဲ့ ခရုလုံးတွေကို အချိန်မီ မကာကွယ်နိုင်ခဲ့ရင် သုံးဧကကို တင်း ၄၀ ထက်မနည်း ဆုံးရှုံးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

အရင်နှစ်ကလည်း ခရုဒဏ်တွေကြောင့် စပါးအထွက်နှုန်းလျော့တာ အနည်းနဲ့အများရှိခဲ့ပြီး စပါးတင်း ၆၀ ထွက်တာကနေ တင်း ၄၀၊ ၅၀ လောက်သာ ထွက်တော့တဲ့အခြေအနေနဲ့ ကြုံခဲ့ရတယ်လို့လည်း သိရပါတယ်။

မိုးရာသီအစ စပါးပျိုးချိန်လောက်ကစပြီး စတင်ထွက်ပေါ်လေ့ရှိတဲ့ အဲဒီခရုလုံးတွေဟာ စိုက်ပျိုးထားတဲ့ စပါးပျိုးပင်တွေနဲ့ လယ်ကန်သင်းတွေမှာ ဥပေါက်ပြီးနောက် စပါးပင်တွေကို ကိုက်စားလာကြတာလို့ နောက်ထပ်လယ်သမားတစ်ဦးကလည်း ပြောပါတယ်။

“မိုးများလာရင် ထွက်လာတယ်။ စပါးမစိုက်ခင်က လယ်ကန်သင်းမှာ ဥဥတယ်။ စပါးစိုက်ပြီးရင်တော့ စပါးပင်တွေမှာ ဥဥပြီး ပွားလာတယ်။ အစစိုက်တဲ့အချိန် အရမ်းစားတယ်။ စပါးပင် ရင့်တဲ့အချိန် စားတော့ မစားတော့ဘူး။ ဒါပေမဲ့ လယ်တွေထဲရှိနေပြီး ပွားနေတာ။ ကွက်ကြားကွက်ကြား ရေရှိတဲ့ နေရာတွေမှာ စားတယ်” လို့ ဆိုပါတယ်။

အဲဒီခရုလုံးတွေဟာ အရွယ်အစားကြီးလာတဲ့အချိန် လုံးပတ် ကြက်ဥပမာဏလောက်အထိ ကြီးလေ့ရှိပြီး ဥတွေဟာ ပန်းရောင်အသွင် အစုအပြုံလိုက်ဥ‌တဲ့အပြင် ရေထဲမှာတော့ ဥလေ့မရှိဘူးလို့လည်း သိရပါတယ်။

ခဝမ်ဒုန့်နဲ့ အူရုခူးကျေးရွာတွေဘက်မှာ စိုက်ပျိုးတဲ့လယ်ဧက ခန့်မှန်းခြေ ရာပိုင်းရှိတယ်လို့လည်း သိရပါတယ်။

နောင်းချိန်းကျေးရွာဘက်မှာသာမက ဝါရှောင်ကျေးရွာဘက်မှာလည်း လယ်တွေထဲ ခရုလုံးပွားတာတွေ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရပြီး ၂၀၁၇-၂၀၁၈ခုနှစ်အတွင်းက ခရုလုံးပြန့်ပွားမှု သိသိသာသာ အခြေအနေဆိုးခဲ့ပြီး စပါးအထွက်နှုန်းလျော့ကျတဲ့အထိ ကြုံခဲ့ရတယ်လို့လည်း ဝါရှောင်ဒေသခံတစ်ဦးက ပြောပြပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဝါရှောင်ကျေးရွာတွေဘက် တရုတ်ပြည်ဘက်ကနေ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အသိပညာပေး လက်တွေ့လုပ်ဆောင်ချက် ပြသတဲ့အချိန်ကစပြီး အခုလို ခရုလုံးတွေ ပြန့်ပွားလာတာဖြစ်တယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အခုနှစ်မှာလည်း ဝါရှောင်ကျေးရွာဘက်က လယ်ကွင်းတွေထဲ ခရုပွားတာတွေ အရင်ကထက် အခြေအနေမဆိုးပေမဲ့ ပိုးသတ်ဆေးဖျန်းပြီး ကာကွယ်နေရတယ်လို့လည်း အထက်ပါ ဝါရှောင်ဒေသခံက ဆိုပါတယ်။

“ဟုတ်တယ် ခရုစားတယ်။ စပါးပျိုးပင်တွေကို အောက်ကနေ စားတယ်။ အကုန်လုံးတော့ မစားဘူး။ ကိုက်ဖြတ်တာ။ စပါးပင်အရင်းမှာ ဥတွေဥ အဲဒီလိုမျိုး ပွားတာပေါ့။ အပင်တွေက သူတို့ကိုက်ဖြတ်လိုက်ရင် အထွက်နည်းသွားတာပေါ့။ ဆေးကို နိုင်နိုင်သုံးရင်တော့ ပြန်ကောင်းလာတာရှိတယ်” လို့ ပြောပါတယ်။

လယ်သမားတွေရဲ့ပြောပြချက်အရ လယ်ထဲက ခရုတွေကို ကောက်လိုက်တာတွေ၊ ပိုးသတ်ဆေးဖြန်းတာတွေ ထိရောက်အောင် လုပ်နိုင်မှုမရှိဘူးဆိုရင် စပါးအထွက်နှုန်းလျော့နည်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာပါရှိတဲ့ ခဝမ်ဒုန့်၊ အူရုခူးကျေးရွာတွေက ဒေသခံတွေသာမက မြစ်ကြီးနားမြို့နဲ့ တခြားအရပ်ဒေသကပါ လယ်လုပ်ငန်းလာရောက်လုပ်ကိုင်သူတွေလည်းရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here