စပါးခင်းပိုးကျပြီး ပိုးသတ်ဆေးသုံး ကာကွယ်သော်လည်း ထိရောက်မှုမရှိသည့်အတွက် စပါးအထွက်နှုန်းလျော့မည်ကို တနိုင်းတောင်သူများ စိုးရိမ်

312

 

စက်တင်ဘာ၊၁၉

ကချင်ပြည်နယ်၊ တနိုင်းမြို့က စပါးခင်းတွေမှာ ပိုးကျနေပြီး မြို့အတွင်းက စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်တွေမှာ ပိုးသတ်ဆေးတွေကို ဝယ်ယူပက်ဖျန်းကြပေမဲ့ ထိရောက်မှုမရှိတဲ့အတွက် လာမယ့်နှစ် စပါးအထွက်နှုန်း လျှော့ကျသွားမှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။

တစ်ခင်းလုံးဖြစ်တာမျိုးမဟုတ်ဘဲ ကွက်ကြားပုံစံနဲ့ ပိုးနှစ်မျိုး၊ သုံးမျိုးလောက်ကျနေတာလို့ တနိုင်းမြို့နေ တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

“ပိုးသတ်ဆေးက ဖျန်းတော့ ဖျန်းထားတယ်။ ဒါပေမဲ့ ပိုးသတ်ဆေးက မကောင်းဘူးထင်တယ်။ မသေဘူး။ ဆေးဖျန်းထားတာ ၃,၄ ရက်တော့ရှိပြီ။ အခုတလောပဲ ကျနော်သွားကြည့်တာ အထဲမှာ ရှင်နေသေးတယ်။ မသေသေးဘူး။ ဘာပိုးသတ်ဆေးသုံးရင် ကောင်းမလဲဆိုတာ အကြံပေးကြဖို့

တောင်းဆိုချင်တယ်။”လို့ အထက်ပါတောင်သူက ဆိုပါတယ်။

စပါးခင်းထဲမှာ ရွက်လိပ်ပိုးခေါ် ပိုးကောင်တွေဟာ စပါးရွက်တွေကိုလိပ်

အထဲမှာ ဝင်ပြီးနေကြပြီးတော့ တချို့စပါးပင်တွေကတော့ ပိုးကောင်မတွေ့ရဘဲ စပါးရွက်တွေဟာ တစ်ဖြည်းဖြည်း ပြောင်ပြီး အပင်က သေခါနီးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နန်ဗျူချောင်းရေကြီးတဲ့အချိန် စပါးခင်းတွေ ရေမြုပ်ပြီး ပြန်ခမ်းသွားတဲ့ချိန် ငမြောင်တောင်ပိုးတွေကျတဲ့အပြင် စပါးအရွက်တွေ ဝါကုန်တယ်လို့လည်း တနိုင်းမြို့နေ နောက်ထပ်တောင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ဆီမှာကျတော့ ရေမြုပ်တဲ့အတွက်ကြောင့်လေ။

ရေမြုပ်ပြီးနောက် အဲဒီပိုးက နှစ်တိုင်းကျတယ်။ အဓိကတော့ နန်ဗျူချောင်းရေကြီးလို့ ဟုတ်တယ်။ အဲဒါကြောင့် ကျနော်တို့က လုပ်သလောက် မခံစားရဘူးဖြစ်နေတယ်။” လို့ ဆိုပါတယ်။

အဲဒီပိုးတွေကိုသတ်ဖို့အတွက် ၂၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်ဝန်းကျင်လောက်အထိ ပေးဝယ်ရတဲ့ ပိုးသတ်ဆေးတွေ ဝယ်ဖျန်းနေကြရတယ်လို့ လည်း ဆိုပါတယ်။

နှစ်စဉ်စပါးခင်းတွေမှာ ပိုးကျတဲ့အတွက် တဧကကို ပုံမှန် တင်း ၈၀ ဝန်းကျင်လောက် ထွက်ရမဲ့အခင်းက တင်း ၅၀ ဝန်းကျင်လောက်သာ ထွက်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။

တောင်သူတွေဟာ တစ်အိတ်ကို ကျပ် ၂ သိန်းလောက်ရှိတဲ့ အထွက်နှုန်းတိုးစေတဲ့ ဓာတ်မြေဩဇာတွေကို ဝယ်ယူသုံးစွဲနိုင်တာ မရှိတဲ့အတွက် ပိုးသတ်ဆေးကိုပဲ နိုင်သလောက်သုံးပြီး ရသလောက်သာ ရိတ်သိမ်းယူကြရတယ်လို့ သိရပါတယ်။

လယ်ယာစိုက်ပျိုးရေးဌာနကို အကူအညီတောင်းတာမျိုးတွေ ရှိပေမဲ့ စပါးခင်းမှာကျတဲ့ ပိုးလက္ခဏာတွေကိုသာ မေးမြန်းပြီး သုံးစွဲနိုင်တဲ့ ဆေးတွေကိုသာ ညွှန်ကြားပေးတယ်လို့ တောင်သူ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

“သူတို့ဆီမှာ ဆေးတွေရနိုင်မလားလို့ သွားမေးတာ သူတို့ကမကူညီနိုင်ဘူးဆိုပြီး အပြင်ဆိုင်တွေကိုပဲ ညွှန်ပေးတယ်။ သူတို့ဆီမှာ ဘတ်ဂျတ်မရှိလို့လား ဘယ်လိုကြောင့်လဲတော့မသိဘူး။ သူတို့ အဲဒါမျိုးမယူထားဘူးဆိုပြီး ဆေးအညွှန်းတွေပဲ ပြောပြတယ်။ ကျနော်တို့ကို သူတို့အနေနဲ့ ကူညီပေးနိုင်မလားဆိုပြီး အရမ်းမျှော်လင့်ပြီး အကူအညီတောင်းပေမဲ့ သူတို့က မရှိလို့ မကူညီနိုင်ဘူးပြောတယ်။”လို့ ဆိုပါတယ်။

စစ်ကောင်စီ ဂိတ်တွေကနေ လက်ရှိအချိန်ထိ တနိုင်းမြို့အတွင်း ဆန်သယ်ဆောင်ခွင့်တွေကို ပိတ်ထားတဲ့အတွက် တနိုင်းမြို့နယ်အတွင်းက ပြည်သူတွေအားလုံးနီးပါးဟာ ဒေသထွက်ဆန်တွေကိုသာ အဓိက မှီခိုပြီး ဝယ်ယူစားသုံး နေကြရတာ ဖြစ်ပါတယ်။

တနိုင်းမြို့နယ်အတွင်းက ထွက်ရှိတဲ့ စပါးတွေဟာ တနိုင်းမြို့နယ်အတွင်းက ဒေသခံတွေ အားလုံးအတွက် မလုံလောက်တာကြောင့် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းအစရှိတဲ့ မြို့နယ်ဘက်က ဆန်သယ်ယူတဲ့ သူတွေအနေနဲ့ တနိုင်းလမ်းတစ်လျှောက် ဂိတ်တွေမှာ ပိုက်ဆံပေးပြီး သယ်ယူနေကြရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အဲဒါကြောင့် ဒေသအတွင်း စပါးဖူလုံအောင် စပါးအထွက်နှုန်းတိုးစေဖို့နဲ့ ပိုးတွေကို နှိမ်နင်းနိုင်ဖို့အတွက် ဆေးဝါးတွေကို ဒေသအတွင်းရောင်းချနိုင်အောင် လုပ်ဆောင်ပေးစေလိုတယ်လို့ တောင်သူတွေက ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here