ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်ဘုံရွာအနီး တိုက်ပွဲပြင်းထန်နေ

8

 

ဩဂုတ်၊၃၁

ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်ဘုံရွာအနီး စစ်အုပ်စု လုံခြုံရေးယူစခန်းချနေထိုင်နေတဲ့ နေရာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO/KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီက သိရပါတယ်။

စစ်အုပ်စုရဲ့ ရှေ့ပြေးစစ်သင်္ဘောအသေး(တွန်းသင်္ဘော)တွေ လုံခြုံရေးယူဖို့တက်လာစဉ် KIA ပူးပေါင်းတပ်ဖွဲ့တွေကနေ တားဆီးတိုက်ခိုက်ခဲ့ပြီး သင်္ဘောကြီးတွေ သိမ်းပိုက်နိုင်တာတော့ မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

“မြန်မာစစ်တပ်ရဲ့ သင်္ဘောတွေကိုတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေ ပိုကြီးတဲ့သင်္ဘောတွေကို တိုက်ခိုက်ပျက်စီးစေတာ၊ သိမ်းပိုက်နိုင်တာမျိုးတော့မရှိဘူး။ ဒါပေမဲ့သူတို့ ဆက်လက်မတက်လာနိုင်အောင် ဟန့်တားပစ်ခတ်လို့ ပျက်စီးစေတာမျိုးတော့ရှိတယ်။ ပြီးတော့သင်္ဘောအသေးတွေဖြစ်တဲ့ တွန်းသင်္ဘောဆိုတာမျိုးတွေကို ပစ်ခတ်သိမ်းတာမျိုးတော့ရှိတယ်။ ပစ္စည်းတွေတင်တဲ့ သင်္ဘောကြီးတွေကို သိမ်းနိုင်တာမျိုးတော့ အခုထိမရှိသေးပါဘူး။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

အဲဒီလိုပြင်းထန်တဲ့ကြားကနေ မနေ့ကဩဂုတ်လ ၃၀ ရက်နေ့မှာ ဇင်းရွာမှာရှိတဲ့ စစ်အုပ်စုရဲ့ ဗျူဟာကုန်းကို တိုက်ထုတ်လိုက်နိုင်တဲ့အပြင် စစ်သင်္ဘောကြီးတွေကို လုံခြုံရေးယူပေးနေတဲ့ သင်္ဘောသေးတွေကိုလည်း တိုက်ထုတ်နိုင်လိုက်တဲ့အတွက် ရွှေကူကနေတက်လာတဲ့ စစ်သင်္ဘောကလည်း ပြန်ဆုတ်ခွာသွားပြီဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

အဲဒီသင်္ဘောသေးတွေဟာ စစ်လက်နက်ပစ္စည်းတင်တဲ့ သင်္ဘောကြီးတွေအတွက် ရှေ့ပြေးလုံခြုံရေးယူဖို့ လိုက်ပါလာတဲ့ သင်္ဘောတွေဖြစ်ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၉ ရက်နေ့ မနက် ၅ နာရီ ကနေ ၉ နာရီအတွင်း ရွှေကူမှာ စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ စုစုပေါင်း ၂၈ ကြိမ်ရှိပြီး ဒီရက်ပိုင်းအတွင်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့ အပြင်းထန်ဆုံးနေ့တစ်နေ့ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ထားတာတွေ့ရပါတယ်။

တံတာဦးကနေ ရွှေကူဒေသဘက်တက်လာတဲ့ စစ်တပ်ရဲ့ အဲဒီလေယာဉ်အားလုံးစုစုပေါင်းဟာ ၃၃ စီးရှိတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သားတွေ သေဆုံးတာများပြီး ရွှေကူကိုရောက်တဲ့အချိန် ထိခိုက်တဲ့သူတွေကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားကြတယ်လို့လည်းဆိုပါတယ်။

ဒီကနေ့ဩဂုတ်လ ၃၁ ရက်နေ့မှာလည်း ဇင်ဘုံဘက် စစ်အုပ်စုဘက်က အပြင်းအထန်ပြန်လည် ထိုးစစ်ဆင်လာတာကို KIA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်တိုက်ထုတ်နိုင်လိုက်ပြီလို့လည်း သိရပါတယ်။

စစ်လက်နက်ပစ္စည်းတွေတင်ဆောင်လာတဲ့ သင်္ဘောကြီးတွေက ရွှေကူကို ဩဂုတ်လ ၂၈ ရက်နေ့ညက ဝင်ရောက်လာပြီး နောက်တစ်ရက်မှာ သူတို့ရဲ့တပ်စခန်းမှာ ပစ္စည်းချနေတာဖြစ်ကြောင်း သိရပါတယ်။

အဲဒီသင်္ဘောကြီးတွေဟာ ဗန်းမော်ကိုဆက်လက်တက်ဖို့အတွက် ကြိုးစားနေတဲ့ အခြေအနေဖြစ်တာကြောင့် လတ်တလော နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

Photo- Credit

 

LEAVE A REPLY

Please enter your comment!
Please enter your name here