ဇူလိုင်၊ ၂၀
လွန်ခဲ့တဲ့ မတ်လကပဲ နေရပ်ကို တရားဝင်ပြန်လာနေထိုင်နေကြတဲ့ ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန် ကျေးရွာတွေဘက်မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နောက်တစ်ကြိမ် တိမ်းရှောင်ရမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။
အရင်က ကျေးရွာကိုထားခဲ့ပြီး စစ်ဘေးတိမ်းရှောင်ခဲ့စဉ်က ကျေးရွာနဲ့ဒေသခံတွေ နစ်နာခဲ့ရတာကြောင့် ထပ်မံတိမ်းရှောင်ရမှာကို မလိုလားဘူးလို့ ဂါးရာယန်ကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
“ဘာမှမရှိအောင်ကို ကိုယ်လွတ်တိမ်းရှောင်ခဲ့ရလို့ နစ်နာခဲ့ပြီးပြီ။ ဒီတစ်ခေါက်လည်း ဟုတ်လောက်ပြီဆိုပြီးတော့ ရှိသမျှပြန်သယ်ပြီး လာနေနေတဲ့အချိန် အခုလိုပြန်ဖြစ်လာတော့ အားလုံးစိုးရိမ်နေကြတယ်။ အရင်တုန်းကလို ပြန်တိမ်းရှောင်ရမလားဆိုတာ သတိနဲ့ နေနေရတယ်။”လို့ဆိုပါတယ်။
လက်ရှိအချိန်ဟာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို ပြုစုစောင့်ရှောင်နေရမယ့် အချိန်ဖြစ်ပေမဲ့ စစ်ရေးအခြေအနေအရ လုပ်ကိုင်လို့မရတာကြောင့် ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြတာပါ။
“ဒီနှစ်ရဲ့ ကောက်ပဲသီးနှံပေါ်ချိန်မှာ ကောင်းကောင်းရိတ်သိမ်းနိုင်၊ စားနိုင်၊ ကျေးဇူးတော်ချီးမွမ်းနိုင်အောင်ဆိုပြီး တစ်ရွာလုံးကြိုးစားနေကြတာ။ ဒါပေမဲ့ အခုအချိန်ဒီလိုမျိုး ရုတ်တရက်ဖြစ်လာတော့ အားလုံးစိတ်ညစ်နေကြတယ်။” လို့ ရပ်မိရပ်ဖက ဆိုပါတယ်။
အဲဒီကျေးရွာ ၃ ရွာက ဒေသခံရွာသားတွေဟာ သူတို့အခင်းတွေထဲမှာ စပါးကို အများဆုံးစိုက်ပျိုးထားကြပြီး နှမ်းနဲ့ ပြောင်းဖူးကိုလည်း စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။
နေရပ်ကို ပြန်လာနိုင်ခဲ့လို့ စိတ်ချမ်းသာနေပေမဲ့ အိမ်ကိုထားပြီး ပြန်လည်ထွက်ပြေးတိမ်းရှောင်ရမယ့် အရေးအတွက် စိတ်ပူနေရတယ်လို့ ဒဘတ်ယန်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“ဒီရွာကြီးအထဲဘက်မှာတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ သေနတ်အသံ၊ လက်နက်အသံတွေ ကြားနေရတော့ ရင်တထိတ်ထိတ်နဲ့ နေနေရတာပေါ့။ ကျွန်မတို့လည်း အခုမှပြန်စခဲ့တာ ပြန်ထွက်ပြေးရမလိုလို၊ ဘယ်လောက်ကြာတဲ့အထိ တိုက်ပွဲဖြစ်နေကြမလဲဆိုတာလည်းမသိ။ ရွာထဲသွားနေနေရလို့ ကိုယ့်ရွာမှာဆိုပြီး ၅၀ ရာခိုင်နှုန်းက စိတ်ချမ်းသာနေပေမဲ့ လုံခြုံရေးပိုင်းကြတော့ မရှိပြန်ဘူး။”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
စစ်ရှောင်တွေအနေနဲ့ ၁၀ နှစ်ကျော် စစ်ရှောင်ခဲ့တုန်းက ဘာမှမကျန်အောင် ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်တဲ့အတွက် ခက်ခက်ခဲခဲ ပြန်လည်ကြိုးစားထားရသမျှ ထပ်ဆုံးရှုံးရမယ့် အဖြစ်မျိုးလည်း မကြုံချင်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
” တစ်ခေါက်ပြန်ပြီး တိမ်းရှောင်လို့ နစ်နာသွားရမယ်ဆိုရင် အသက်ရှင်နေပေမဲ့ အဓိပ္ပာယ်မရှိတော့ဘူး။ နစ်နာတဲ့အပိုင်းကတော့ ပြောတာမျိုးတောင် မဟုတ်တော့ဘူး။ နှိုင်းပြမယ့်ဟာတောင် မရှိဘူးပေါ့။”လို့ ဒဘတ်ယန် ဒေသခံတစ်ဦး ပြောပါတယ်။
ဒေသခံတွေဟာ အရင်တိမ်းရှောင်ခဲ့ရတဲ့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေကနေ အပြီးအပိုင် ထွက်လာခဲ့ကြတာဖြစ်ပြီး ပြန်သွားဖို့ မဖြစ်နိုင်တော့တာကြောင့် အခက်ကြုံနေကြရတယ်လို့လည်း ဆိုပါတယ်။
ရွာအတွင်း စစ်တပ်တွေ ဝင်ရောက်ခဲ့ရင် အရင်တုန်းကလို ရွာသားတွေကို ဓါးစားခံလုပ်၊ ခုတုံးလုပ်လာမှာကို ကြောက်နေရတယ်လို့လည်း ကဇူးယန်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မြစ်ကြီးနားဘက်ကလည်း စစ်ကြောင်းထိုးလာ၊ ဗန်းမော်ဘက် ကလည်း စစ်ကြောင်းထိုးလာ။ ကျွန်မတို့က မတိမ်းရှောင်ရဘူးလို့လည်း ပြောလို့မရ။ ကျမတို့အနေနဲ့တော့ ဆက်မနေရဲတော့ဘူး။” လို့ဆိုပါတယ်။
လက်ရှိမှာတော့ ရွာအနီးဝန်းကျင် လက်နက်သံတွေ ကြားနေကြရပြီး ရွှေညောင်ပင်ကျေးရွာအထွက်မှာ စစ်ကောင်စီရဲ့ ၃၂၁ တပ်ရင်းရှိတဲ့အပြင် ဂါးရာယန်ကျေးရွာမရောက်ခင် လုံဇက်ကောင်မှာလည်း တပ်စခန်းတစ်ခုရှိတဲ့အတွက် တိုက်ပွဲဖြစ်လာရင် အဲဒီရွာ ၃ ရွာက ဒေသခံရွာသားတွေ ပိတ်မိသွားမှာကို စိုးရိမ်နေကြပါတယ်။
ရွာအတွင်း ပစ်ခတ်မှုတွေဖြစ်လာရင် ဘုရားကျောင်းထဲကို ထွက်ပြေးလာကြဖို့နဲ့ တကယ်လို့ တစ်ခြားတစ်နေရာကို ရွှေ့ပြောင်းဖို့ရှိလာခဲ့ရင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လူကြီးတွေ၊ ဘာသာရေးဆရာတွေရဲ့ ဦးဆောင်မှုနဲ့ အတူတကွ ရွှေ့ပြောင်းကြဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲကြောင့် ဘုရားကျောင်းကနေ ရွှေ့ပြောင်းရမယ့် အခြေအနေနဲ့ကြုံလာခဲ့ရရင်လည်း မြို့ဘက်ကို မတိမ်းရှောင်တော့ဘဲ ဂါးရာယန်ကျေးရွာမရောက်ခင်က အောင်မြေ ၁/၂ နဲ့ ရွှေညောင်ပင် စတဲ့ကျေးရွာတွေမှာ အဆင်ပြေနိုင်မယ့် နေရာတစ်နေရာတောင်းပြီး ခဏတာ တိမ်းရှောင်နေထိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အထက်ပါတွေတစ်လျှောက်မှာ ဇူလိုင်လ ပထမပတ်လောက်ကစပြီး ဝိုင်းမော်မြို့ဘက်ကနေ စစ်ကောင်စီစစ်ကြောင်းတွေ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကနေ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်လိုတာကြောင့် အခုလို စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာဖြစ်တယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ထားပြီး KIO ဌာနချုပ်နဲ့နီးတဲ့ နမ်ဆန်ယန်ကျေးရွာအထိ စစ်ကြောင်းထိုးလာတာကြာင့် အဲဒီဘက်က ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန် ကျေးရွာတွေဟာ နမ်ဆန်ယန်ကျေးရွာမရောက်ခင် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားတုန်းက ပြောင်းရွေ့တိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
အဲဒီနောက် ၁၀ နှစ်ကျော်အကြာ စစ်ရှောင်ပြီး ၂၀၂၂ ခုနှစ်ကနေ စတင်နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ Return Day အဖြစ်သတ်မှတ်ပြီး ဒေသခံအားလုံး အပြီးသတ် နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။







