ဒေါ့ဖုန်းယန်မြို့ဘက် တိမ်းရှောင်လာသည့် ‌ဒင်ဂါနှင့် နောင်ဝမ့်ရွာက ဒေသခံများအား ရွာထဲရှိပစ္စည်းများကို နှစ်ရက်အတွင်း အပြီးသယ်ယူရန် စစ်ကောင်စီပြောကြား

178

ဇူလိုင်၊၂၁

စစ်ရေးတင်းမာမှုတွေကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့ဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ ‌ဒင်ဂါနဲ့ နောင်ဝမ့်ရွာက ဒေသခံတွေကို နှစ်ရက်အတွင်း ရွာထဲက ပစ္စည်းတွေအပြီးသယ်ယူဖို့ စစ်ကောင်စီတပ်က ပြောကြားထားတယ်လို့ သိရပါတယ်။

တိမ်းရှောင်ခဲ့ပြီးတဲ့နောက် ရွာထဲမှာကျန်ရှိနေသေးတဲ့ ပစ္စည်းတွေကို ဇူလိုင်လ ၂၂ ရက်နေ့အပြီး လာရောက်သယ်ယူဖို့ စစ်ကောင်စီတပ်ဘက်က ပြောကြားထားတဲ့အတွက် ဒေသခံတွေ သယ်ယူနေကြပြီလို့ ဒေါ့ဖုန်းယန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

” ပစ္စည်းတွေအပြီး ရွှေ့ခိုင်းနေတယ်။ ခုရွှေ့နေကြပြီ”လို့ ဒေသခံက ပြောပါတယ်။

ဇူလိုင်လ ပထမပတ်ကနေစပြီး ဒေါ့ဖုန်းယန်မြို့ အနီးတစ်ဝိုက် နှစ်ဖက်တပ် လက်နက်ကြီး/ငယ် ပစ်ခတ်သံတွေ သိသိသာသာကြားလာရတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ နယ်မြေနဲ့ နီးကပ်တဲ့ ဒင်ဂါနဲ့ နောင်ဝမ့်ရွာသားတွေဟာ တစ်မိုင်ကျော်လောက်ဝေးတဲ့ ဒေ့ါဖုန်းယန်မြို့ဘက်ကို ဇူလိုင်လ ၁၆ ရက်နေ့ကနေစပြီး စတင်ထွက်ပြေးခိုလှုံခဲ့ကြတာပါ။

ဒါ့အပြင် ဇူလိုင်လ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်ကလည်း ကချင်လွတ်လပ်ရေးမတော်(KIA) ဘက်ကနေ စစ်တပ်ဘက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကနေ လက်နက်ကြီး ၇ ချက်လောက် ပြန်လည်ပစ်ခတ်ခဲ့တဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် ဒေါ့ဖုန်းယန်မြို့ဘက်ကို ဒင်ဂါနဲ့ နောင်ဝမ့်ရွာတွေဘက်က ဒေသခံ အယောက်၂၀၀လောက် ရောက်ရှိနေပြီဖြစ်ပြီး ဘုရားကျောင်းမှာ နေရာထိုင်ခင်း စီစဉ်ပေးထားတယ်လို့လည်း ကြားသိရပါတယ်။

အထက်ပါ ဒေါ့ဖုန်းယန်ဒေသခံရဲ့ ပြောပြချက်အရ ရပ်ရွာလူကြီးတွေအားလုံးကို ဒေါ့ဖုန်းယန်မြို့က စစ်ကောင်စီတပ်ရင်းမှူးကနေ အစည်းအဝေး‌ခေါ်ထားတယ်လို့လည်း သိရပြီး ဘာကြောင်းကြောင့် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒေါ့ဖုန်းယန်မြို့ဟာ မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိပါတယ်။

ဓါတ်ပုံ- ပုံဟောင်းအသုံးပြုထားပါသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here