ဧပြီ၊၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့ မြန်မာအမျိုးသားလေကြောင်း (MNA) လေကြောင်းလိုင်းရဲ့ ခရီးစဉ်တွေအရ သိရပါတယ်။
ဧပြီ ၅ ရက်နေ့မှာ ရန်ကုန်-မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနားနဲ့ ဧပြီလ ၈ ရက်နေ့မှာ ရန်ကုန်-မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနား အသွားအပြန်ခရီးစဉ်တွေကို MNA ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
“တခြားလေယာဥ်တွေတော့ အရောင်းမဖွင့်သေးပါဘူး။ မကြာခင်တော့ ဆွဲမယ်လို့ထင်ပါတယ်။“ လို့လည်း လေယာဉ်လက်မှတ်အရောင်းဌာန တစ်ခုရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
လေယာဉ်လက်မှတ်ခတွေကတော့ ရန်ကုန်-မြစ်ကြီးနားခရီးစဉ်တစ်ကြောင်းစာကို ကျပ်ကိုးသိန်းခွဲနီးပါး၊ မန္တလေး-မြစ်ကြီးနား ခရီးစဉ်အတွက်ကိုတော့ ကျပ် ၇ သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) မင်းအောင်လှိုင်က မတ်လ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ပူတာအိုမြို့တွေအတွက် လေယာဉ်ခရီးစဉ်တွေ ဦးစားပေးပြေးဆွဲဖို့ ပြောအပြီး တစ်ပတ်ကျော်ကြာမှာ လေယာဉ်ခရီးစဉ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီခရီးစဉ်တွေဟာ ဧပြီလ ၅ ရက်နေ့နဲ့ ၈ ရက်နေ့အတွက်ပဲ ရှိသေးပြီး နောက်ပိုင်းမှာ ဘယ်လိုပြေးဆွဲမလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
မြစ်ကြီးနားက လူထုအနေနဲ့တော့ တခြားမြို့တွေကို ကျန်းမာရေးကိစ္စ၊ သင်တန်းကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ သွားနိုင်ဖို့အရေး လေကြောင်းခရီးစဉ်တွေပြန်ဖွင့်ပေးဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရအပြီး လေကြောင်းခရီးစဉ်တွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အရှေ့အလယ်ပိုင်းမှာ အစ္စရေး၊ အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ခိုက်မှုတွေဖြစ်ပေါ် ခဲ့တာကြောင့် ကမ္ဘာ့အရှေ့ပိုင်းမှာ စက်သုံးဆီအခက်အခဲတွေ ဖြစ်ပေါ်ပြီး ပြည်တွင်း လေကြောင်းလိုင်းခရီးစဉ်တွေကို ခေတ္တရပ်နားခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ မတ်လ ၂၅ ရက်နောက်ပိုင်းမှာတော့ ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ကို ပြန်ပြေးဆွဲခဲ့ပေမဲ့ မြစ်ကြီးနားခရီးစဉ်တွေကတော့ မပါဝင်ခဲ့ပါဘူး။
စက်သုံးဆီအခက်အခဲနဲ့ လေကြောင်းခရီးစဉ်တွေမရှိတာကြောင့် မန္တလေး-မြစ်ကြီးနား ကားခတွေဟာ အရင်ကထက် ၂ ဆကျော်မြင့်တက်နေပြီး အသွားအပြန် သိန်းဆယ်ချီကျော် ကုန်ကျနေတာ ဖြစ်ပါတယ်။







