ဇန်နဝါရီ၊ ၁၀
ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့ကြီးတချို့ရှိသေးတယ်လို့ ဒီမနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်ရေးပစ်မှတ် ဒါမှမဟုတ် စစ်ကောင်စီစခန်းတွေကို ဆက်ပြီးတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့သာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ သိမ်းပိုက်ဖို့ မြို့ကြီးတချို့ကျန်နေသေးတဲ့အကြောင်း ထည့်သွင်းထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ညီနောင် ၃ ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့စခန်းကြီးတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကွတ်ခိုင်နဲ့ သန္နီမြို့တွေကိုတော့ သိမ်းပိုက်နိုင်ပြီလို့ တရားဝင်မကြေညာသေးပါဘူး။
အဲဒီ ၂ မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရင်တော့ ကွတ်ခိုင်နဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံကြား မူဆယ်-မန္တလေးလမ်းပေါ်မှာ နမ့်ဖတ်ကာနဲ့ မူဆယ် ၂ မြို့ပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှာပါတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ်၊ ပလက်ဝဒေသကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် လုပ်ဆောင်နေပြီး ပလက်ဝမြို့ပတ်ဝန်းကျင်မှာကျန်နေတဲ့ စစ်ကောင်စီစခန်း အနည်းငယ်ကို ဆက်လက်တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က စစ်တပ်ရဲ့ တောင်ရှည်တောင်ဗျူဟာကုန်းက အင်အား ၂၀၀ လောက်လက်နက်ချခဲ့ပြီး အခုအချိန်မှာလည်း ကျောက်တော်နဲ့ ပလက်ဝကြားမှာရှိတဲ့ စစ်တပ်ရဲ့ မီးဝဗျူဟာကုန်းကို အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ AA က ဆိုပါတယ်။
ပလက်ဝဒေသနဲ့ ကျောက်တော်ဒေသကို ထိန်းချုပ်နိုင်ရင်တော့ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရခိုင်-ချင်း-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်မှာဖြစ်သလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်လည်း ညီနောင် ၃ ဖွဲ့ဟာ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးနိုင်ဖို့ ကြိုးစားနေပါတယ်။







