နိုဝင်ဘာ၊ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းဒေသမှာရှိတဲ့ စစ်ကောင်စီ ခလရ ၁၂၅ ဟာ အလံဖြူထောင်ပြီး မနေ့က နိုဝင်ဘာ ၂၈ ရက်နေ့မှာ အလင်းဝင်လာတယ်လို့ ကိုးကန့်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောကြားပါတယ်။
“အလင်းဝင်လာတဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ကျွန်တော်တို့ အကုန်လုံးစာရင်းတွေဘာတွေ ပြုစုပြီးသွားရင်တော့ သတင်းအနေနဲ့ထုတ်ပြန်မှာပါနော့” လို့ လီကျားဝင်းက ပြောပါတယ်။
အခုအချိန်မှာတော့ ကိုးကန့်ခရိုင်ထဲမှာရှိတဲ့ ရှင်းဝမ်ဒေသကို အကုန်လုံးထိန်းချုပ်နိုင်သွားပြီလို့လည်း သူကပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း အဲဒီ ရှင်းဝမ်ဒေသက စခန်းတစ်ခုကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးခဲ့တဲ့အပြင် ရှီးရှမ်းဒေသ တာရွှေထန်အုပ်စုကနေပြေးလာတဲ့ တပ်ရင်း ၆၉ ရဲ့ တပ်ရင်းမှူးတစ်ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ခမရ ၁၂၉ က တပ်ရင်းမှူးဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၁၂၆ ယောက်နဲ့ မိသားစုတွေပါအပါ စုစုပေါင်း ၂၆၂ ယောက် MNDAA ဆီကို အလင်းဝင်ခဲ့ပါသေးတယ်။
အဲဒီ ခမရ ၁၂၉ ဟာ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဒေသချုပ် (ဒကစ) လက်အောက်ခံတပ်ရင်းဖြစ်ပြီး တပ်ရင်းမှူးကတော့ ဗိုလ်မှူး ကျော်ရဲအောင်ဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၉ ယောက်ကိုတော့ တစ်ယောက်ကို ကျပ် ၁၀ သိန်းစီ ပေးအပ်ခဲ့ပြီး မိသားစုဝင်တစ်ယောက်ချင်းစီကိုတော့ တစ်သိန်းဆီ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။







