မတ်၊၁၁
ဖားကန့်မြို့ မှာရှိတဲ့ စစ်ကောင်စီတပ်မကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နန့်မှော်ကျေးရွာနဲ့ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက် မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ နန့်မှော်ကျေးရွာက ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ဆိုင်းတောင်ကျေးရွာက အမျိုးသားနှစ်ဦး ထိခိုက်သေဆုံးခဲ့ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သေဆုံးသူတွေဟာ နန့်မှော်ကျေးရွာ ၊ရပ်ကွက်(၆)က အသက်(၂၇)နှစ် မခင်မာလွင်နဲ့ အသက်(၅)နှစ် မဖူးပွင့်ဝေတို့ဖြစ်ပြီး အသက်(၈)အရွယ် မဆောင်းနှင်းဝေကတော့ ဒဏ်ရာပြင်းထန်ခဲ့ပြီးတော့ ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဆိုင်းတောင်ကျေးရွာက ရှမ်းကုန်း ပွင့်ထူးစံ ကုမ္ပဏီဝင်းမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကင်းစောင့်တဲ့ အမျိုးသားနှစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးဒေသခံရဲ့ ပြောချက်အရ သိရပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသားနှစ်ဦးဟာ အသက်(၃၅)နှစ် ကိုကျော်ဆန်းထွန်းနဲ့ အသက်(၂၆) နှစ် ကိုချမ်းမြေ့မောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့်စစ်ကောင်စီ တပ်မကုန်းကနေ မနေ့က ညနေ ၅ နာရီခွဲလောက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာတွေနဲ့ ကုမ္ပဏီတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
“အခုက လုံးခင်း၊ဆိုင်းတောင်၊ ဖားကန့် အကုန်လုံးမှာ KIAတွေ ရွာထဲမှာရှိနေပြီ။ သူတို့(စစ်ကောင်စီ)ထွက်မဲ့လမ်းတွေ ပိတ်ထားပေးတဲ့အတွက် ပစ်တာဟုတ်တယ်။ ပစ်တာမတိကျလို့ နေရာအနှံ့ကျတာပေါ့”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း နန့်မှော်ကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကိုကျောက်ခဲနဲ့ ထုရာမှာ ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဖားကန့်စစ်ကောင်စီတပ်မကုန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မော်ဝမ်းကြီး ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။







